ပေါင်းတည် စွယ်တော်ပွဲကို စစ်ကောင်စီက လုံခြုံရေးတာဝန်မယူရဲလို့ အကျဉ်းချုံးသာ ကျင်းပမည်

ပေါင်းတည် စွယ်တော်ပွဲကို စစ်ကောင်စီက လုံခြုံရေးတာဝန်မယူရဲလို့ အကျဉ်းချုံးသာ ကျင်းပမည်

ကိုဗစ်ကာလကစကာ ပွဲတော်မကျင်းဖြစ်ခဲ့တဲ့ ပေါင်းတည်ဗုဒ္ဓစွယ်တော်ဖွင့်လှစ် အပူဇော်ခံပွဲကို စစ်ကောင်စီက လုံခြုံရေးမယူနိုင်လို့ လှည့်လည်ပွဲမကျင်းပဘဲ အပူဇော်ခံပွဲသာအကျဉ်းချုံးကျင်းပမှာဖြစ်တယ်လို့ စွယ်တော်ပွဲကျင်းပရေးကော်မတီနဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။ 

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့မှာ ယခင်က စွယ်တော်လှည့်လည်အပူဇော်ခံပွဲကို နှစ်စဉ် တော်သလင်းလဆန်း ၈ ရက်ကနေ တော်သလင်းလပြည့်ကျော် ၁ ရက်အထိ ၉ ရက်တာ ကျင်းပတာဖြစ်ပြီး အခုနှစ်မှာတော့ တော်သလင်းလဆန်း ၁၃ ရက်ကနေ ၁၅ ရက်(စက်တင်ဘာ ၂၇ မှ ၂၉ ရက်)ထိ မနက် ၈ နာရီမှ ညနေ ၄ နာရီထိသာ ဂန္ဓကုဋီတိုက်မှာ ၃ ရက်ဖွင့်လှစ်အပူဇော်ခံမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

"စွယ်တော်ပွဲကလုပ်မှာကမှန်တယ်။ စစ်ကောင်စီကလိုလားတယ်။ ဒါပေမယ့်သူတို့က လုံခြုံရေးတာဝန်မယူနိုင်လို့ လှည့်လည်ပွဲမလုပ်ဘဲ အကျဉ်းချုံးပြီး ပူဇော်ပွဲပဲ ဘုရားထဲလုပ်မှာ" လို့ မြို့ခံတဦးက ပြောပါတယ်။

စွယ်တော်အပူဇော်ခံပွဲကို သံဃာတော်တွေနဲ့ စွယ်တော်ဂေါပက၊ စစ်ကောင်စီတို့ တိုင်ပင်ကာ ကျင်းပတာဖြစ်တယ်လို့သူက ဆက်ပြောပါတယ်။

နှစ်စဉ်ဆိုသလို တော်သလင်းလဆန်း ၁၃  ရက်မှာ မြို့ပေါ်ရပ်ကွက်အသီးသီးကို ဗုဒ္ဓစွယ်တော်ပွား လှည့်လည်အပူဇော်ခံစဉ် နောက်ကနေ ငါးရာငါးဆယ်ဇာတ်နိပတ်ကို သရုပ်ဖော်ထားတဲ့ နိပတ်လှည်းတွေ နိုင်ငံကျော်အဆိုတော်တွေပါဝင်တဲ့ ယိမ်းအလှကကားတွေအပြင် ၁၂ ပွဲဈေးဆိုင်ခန်းပေါင်း ၁ ထောင်ကျော်နဲ့ ကျင်းပတာဖြစ်လို့ ဒေသတွင်းမှာ စည်ကားတဲ့ပွဲတော်ဖြစ်ပါတယ်။ 

စစ်ကောင်စီက ပေါင်းတည်မြို့မှာ စွယ်တော်ပွဲကျင်းပဖို့ကြိုးစားပေမယ့် ပြီးခဲ့တဲ့ဩဂုတ်လက မြို့ပေါ်မှာလျှပ်စစ်မီးကြိုးတွေ ရက်ခြားဆိုသလို ခိုးယူမှုတွေဖြစ်ပွားနေသလို မဲခေါင်း၊ ကြို့ပင်သာနဲ့ သပြေကြီးစုအုပ်စုတို့မှာ အုပ်ချုပ်ရေးမှူး လုပ်မယ့်သူ မရှိသေးတာလည်း ၁ နှစ်နီးပါးဝန်းကျင်ရှိပြီး စစ်အုပ်ချုပ်ရေးဒေသအဖြစ်လည်း  သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ပုံစာ - ပေါင်းတည်စွယ်တော် လှည့်လည် ပူဇော်ခံပွဲကျင်းပစဉ်။ (ပုံဟောင်း)

စာတည်း-နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပဲခူးတိုင်းအနောက်ခြမ်း #ပေါင်းတည် #စွယ်တော်လှည့်လည်ပွဲ #စစ်ကောင်စီ #လုံခြုံရေး #ပွဲတော် #စစ်အုပ်ချုပ်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10