ပေါင်းတည်စွယ်တော်ပွဲ ကျင်းပဖို့ စီစဥ်နေတဲ့ ဘုရားဝန်းထဲ ဗုံးပေါက်ကွဲ

ပေါင်းတည်စွယ်တော်ပွဲ ကျင်းပဖို့ စီစဥ်နေတဲ့ ဘုရားဝန်းထဲ ဗုံးပေါက်ကွဲ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့မှာ စစ်ကောင်စီက လုံခြုံရေးတာဝန်မယူနိုင်ပဲ စွယ်တော်အပူဇော်ခံပွဲ ကျင်းပဖို့ စီစဥ်နေချိန် စက်တင်ဘာလ ၇ ရက် ဒီနေ့ နေ့လယ် ၁ နာရီခွဲလောက်မှာ ဘုရားကြီးဝန်းအတွင်းဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတဦး ဆီကသိရပါတယ်။ 

ပေါင်းတည်မြို့လယ် ဘုရားကြီးတိုက်ဝန်း မင်းသားကြီး ရေကန်အရှေ့ဘက်ကပ်လျက်က စွယ်တော်တိုက်နဲ့ ညောင်ပင်ကြီးအနီးမှာ ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

"စွယ်တော်လှည့်ကာနီး ဆင်ကြီးဦးတိုက်တဲ့ ညောင်ပင်ကြီးနားမှာ ပေါက်ကွဲတာ၊ အသံကတော့အကျယ်ကြီးပဲ အိမ်တွေတောင် တုန်သွားတယ်"လို့ အုပ်ချုပ်ရေးပိုင်းနီးစပ်သူတဦးက ပြောပါတယ်။

ပေါက်ကွဲအပြီး မကြာခင်မှာပဲ စစ်သားနဲ့ရဲအချို့ လာရောက်ကြည့်ရူ့တာတွေ ပြုလုပ်သွားပြီး လူထိခိုက်မှုမရှိဘူးလို့ သူက ဆက်ပြောပါတယ်။

ဗုံးဖောက်ခွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

စွယ်တော်ပွဲကျင်းပတာကို ကိုဗစ်ကာလကစတင်ကာ ရပ်နားထားတာဖြစ်ပြီး စစ်ကောင်စီလက်ထက်မှာ လုံခြုံရေးတာဝန်မယူနိုင်လို့ မြို့နယ်အတွင်း စွယ်တော်လှည့်လည်ပူဇော်ပွဲမကျင်းပပဲ ဂဋကုဋီတိုက်အတွင်းမှာသာ ပူဇော်ပွဲကို အကျဥ်းချုံးကျင်းပဖို့ စီစဥ်နေချိန် အခုလို့ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ယခင်က စွယ်တော်လှည့်လည်အပူဇော်ခံပွဲကို တော်သလင်းလဆန်း ၈ ရက်ကနေ လပြည့်ကျော် ၁ ရက်အထိ ၉ ရက်ကျင်းပတာဖြစ်ပြီး စစ်ကောင်စီလက်ထက်မှာ တော်သလင်းလဆန်း ၁၃၊ ၁၄၊ ၁၅ ရက် (စက်တင်ဘာလ ၂၇ ရက်မှ ၂၉ ရက်) အထိ ၃ ရက်သာ ဂန္ဓကုဋီတိုက်အတွင်း အကျဥ်းချုံးအပူဇော်ခံမှာ လို့သိရပါတယ်။

စစ်ကောင်စီက ပဲခူးတိုင်းအနောက်ခြမ်းက ပေါင်းတည်၊ အုတ်ဖို၊ နတ်တလင်းနဲ့ ပေါက်ခေါင်းမြို့တွေကို စစ်အုပ်ချုပ်ရေးကြေညာထားပေမယ့် သြဂုတ်လ ၃၁ ရက်မနက်ကလည်း အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာ အခြေစိုက် ခမရ ၆ ကနေ​ အေးမြသာယာမြို့သစ်ကို အရပ်ဝတ်နဲ့ ဆိုင်ကယ်စီးလာတဲ့ ဗိုလ်ကြီးတင်မျိုးအောင်ကို မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက ပစ်ခတ်ရှင်းလင်းခဲ့ပြီး သူကိုင်ဆောင်လာတဲ့ MA3 မောင်းပြန်သေနတ် ၁ လက်၊ ဖုန်း ၁ လုံး၊ ပိုက်ဆံအိတ် ၁ ခု၊ မှတ်ပုံတင်နဲ့ ပြန်တမ်းဝင်စိစစ်ရေးကဒ် ၁ ခုကို သိမ်းဆည်းသွားခဲ့ပါသေးတယ်။

ပုံစာ - ဗုံးပေါက်ကွဲခဲ့သည့် ဆင်ဦးတိုက်ရာ နေရာ။ (ပုံဟောင်း)

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စွယ်တော်ပူဇော်ပွဲ #ပေါင်းတည် #ပဲခူးတိုင်း #စစ်ကောင်စီ #စစ်အုပ်ချုပ်ရေး #ပေါက်ကွဲမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10