ပေါင်းတည်ထောင်ကထွက်ပြေးတဲ့ အကျဉ်းသားသုံးဦးကို နှစ်ပါတ်ကျော်ကြာအထိ မဖမ်းမိသေး

ပေါင်းတည်ထောင်ကထွက်ပြေးတဲ့ အကျဉ်းသားသုံးဦးကို နှစ်ပါတ်ကျော်ကြာအထိ မဖမ်းမိသေး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်အကျဉ်းထောင်ကနေ ထွက်ပြေးသွားတဲ့ အကျဉ်းသားသုံးဦးကို နှစ် ပတ်ကျော်ကြာ သြဂုတ်လ ၁၃ ရက်ဒီနေ့အထိ မဖမ်းမိသေးဘူးလို့ မြို့ခံတဦးက ပြောပါတယ်။

အဲဒီအကျဉ်းသား သုံးဦးဟာ ပေါင်းတည်ထောင်ကနေ ဇူလိုင် ၂၇ ရက် ညနေက အကျဉ်းဦးစီးပိုင် လယ်တွေမှာ စိုက်ပျိုးရေးလုပ်နေချိန် ထွက်ပြေးသွားကြတာဖြစ်ပါတယ်။

ထွက်ပြေးသွားသူတွေဟာ ပေါင်းတည်မြို့ ပုတီးကုန်းလမ်းက ထွဋ်ထွဋ်၊ ဇော်လေးနဲ့ ရွှေအတို့ဖြစ်ပြီး ထွဋ်ထွဋ်နဲ့ ရွှေအတို့ဟာ အရင်ကလည်း ဆိုင်ကယ်နဲ့ ဖုန်းခိုးမှုတွေနဲ့ ထောင်ကျဖူးသူတွေ ဖြစ်တယ်လို့  ဆိုပါတယ်။ 

“ထောင်ပြေးတွေကို ခုထိမမိသေးဘူး။ သူတို့အိမ်တွေကို ရဲကသွားမေးတာကလွဲပြီး ဘယ်ရဲကမှ  လိုက်မရှာကြဘူး။ ရဲကိုယ်တိုင် ဒုစရိုက်အားပေးတွေဖြစ်နေတာ” လို့ အကျဉ်း‌ထောင်နဲ့ နီးစပ်တဲ့မြို့ခံတဦးက ပြောပါတယ်။

အခုလိုပြန်မမိတဲ့အတွက် ထောင်ပြေးတွေကို ထပ်မံပြစ်မှုကျူးလွန်ဖို့ လမ်းဖွင့်ပေးထားသလိုဖြစ်နေပြီး တိုင်းပြည်အုပ်ချုပ်ရေးပျက်ပြား‌နေချိန်မှာ နောက်ထပ်ပြစ်မှုတွေကျူးလွန်ဖို့ကလည်း သေချာ သလောက်ရှိနေနိုင်တယ်လို့  သူကသုံးသပ်ပါတယ်။ 

ပေါင်းတည်အကျဉ်းထောင်ဟာ အကျဉ်းသား ၃၀၀ ဦးကျော်သာဆံ့ပြီး လက်ရှိမှာ ရာဇဝတ်မှု အကျဉ်းသားတွေအပြင် နွေဦးတော်လှန်ရေးနဲ့ ဆက်နွယ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ချုပ်နှောင်ထားတာလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ မေလ ၂၁ ရက်မွန်းလွဲပိုင်းကလည်း ပေါင်းတည်မြို့လယ် ဘုရားကြီးဝန်းအတွင်းမှာ အမျိုးသမီးတဦးဆီက ဆိုင်ကယ်၊ ဖုန်းနဲ့ လက်စွပ်တွေကို လုသွားတဲ့ တရားခံကို ပေါင်းတည်ရဲက လက်ရှိအချိန်ထိ မဖမ်းဆီးနိုင်သေးဘူးလို့ အထက်ပါဒေသခံက ပြောပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပေါင်းထည် #အကျဥ်းသား #ထွက်ပြေး #မဖမ်းမိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10