ပေါင်းတည်ထောင်ကနေ မူးယစ်ရမ်းကားမှုနဲ့ထောင်ကျနေသူ ၃ ဦး ထွက်ပြေး

ပေါင်းတည်ထောင်ကနေ မူးယစ်ရမ်းကားမှုနဲ့ထောင်ကျနေသူ ၃ ဦး ထွက်ပြေး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့အကျဉ်းထောင်ကနေ အကျဉ်းသား  ၃ ဦး ဇူလိုင် ၂၇ ရက် မနေ့ညနေ ၄ နာရီလောက်မှာ ထွက်ပြေးသွားတယ်လို့  မြို့ခံတဦးဆီက သိရပါတယ်။

ထွက်ပြေးသွားသူတွေဟာ ပေါင်းတည်မြို့ပေါ်၊ ဈေး ၁ ရပ်ကွက်၊ ရန်ကုန်-ပြည်လမ်း ပန်းခြံအနောက်ဘက်ရှိ အကျဉ်းထောင်ပိုင်မြေမှာ စိုက်ပျိုးရေးလုပ်ရတဲ့ အကျဉ်းသားတွေထဲကဖြစ်တယ်လို့ ဆိုပါတယ်။ 

“ထောင်ဝတ်စုံနဲ့ အလုပ်ခိုင်းရင်းနဲ့ပြေးတာ။ တယောက်မှ မမိသေးဘူး။ ဝါဒါ(ထောင်ဝန်ထမ်း)တွေရော ပုလိပ်တွေပါ မနေ့ညနေကတည်းက လိုက်ရှာနေကြတာ။”လို့  မြို့ခံတဦးက ပြောပါတယ်။

ထွက်ပြေးသူ ၃ ဦးဟာ မူးယစ်ရမ်းကားမှုနဲ့ ထောင်ကျနေသူတွေဖြစ်ကာ အဲ့ဒီအထဲက ၁ ဦးဟာ ပေါင်းတည်သားဖြစ်ပြီး ကျန် ၂ ဦးနဲ့ပတ်သက်တာကိုတော့ မသိရဘူးလို့ သူကဆက်ပြောပါတယ်။

အကျဉ်းထောင်အနီးမှာနေတဲ့ နောက်ထပ်မြို့ခံတဦးကလည်း ထွက်ပြေးသူတွေကို ဇူလိုင် ၂၈ ရက် ဒီမနက်အထိ ဖမ်းမမိသေးဘူးလို့ ပြောပါတယ်။

အကျဉ်းထောင်ပြင်ပ အလုပ်လုပ်ရသူတွေထဲမှာ အများစုဟာ လွတ်ရက်နီးသူတွေနဲ့ ကြီးလေးတဲ့ ပြစ်မှုမဟုတ်ဘဲ လပိုင်းလောက်သာပြစ်ဒဏ်ကျသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ 

ပေါင်းတည်အကျဥ်းထောင်မှာ ဒေသတွင်းမြို့နယ်တွေက ရာဇဝတ်မှုနဲ့ထောင်ကျနေသူအများစုနဲ့ နိုင်ငံရေးအကျဥ်းသား စုစုပေါင်း ၃၀၀ ကျော် ချုပ်နှောင်ခံထားရတယ်လို့လည်း အကျဥ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ 

ပုံစာ - အကျဥ်းထောင်အတွင်း ကျန်းမာရေးစစ်ဆေးမှုမြင်ကွင်း။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #အကျဥ်းထောင် #အကျဥ်းသားထွက်ပြေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10