ပေါင်းတည်ထောင်က ပြန်လွတ်လာသူ ၈၁ ဦးမှာ နိုင်/ကျဥ်းတွေမပါ

ပေါင်းတည်ထောင်က ပြန်လွတ်လာသူ ၈၁ ဦးမှာ နိုင်/ကျဥ်းတွေမပါ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်အကျဥ်းထောင်ကနေ ဇန်နဝါရီ ၄ ရက်ဒီနေ့မှာ စစ်ကောင်စီက အကျဥ်းသား ၈၁ ဦး ပြန်လွှတ်ပေးခဲ့ပြီး အဲ့ဒီထဲမှာ နိုင်ငံရေးအကျဥ်းသားတွေ မပါဝင်ဘူးလို့ အကျဥ်းထောင်ဝန်ထမ်းနဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။

စစ်ကောင်စီကပြန်လွှတ်တဲ့အထဲမှာ အမျိုးသား ၇၇ ဦးနဲ့ အမျိုးသမီး ၄ ဦးပါဝင်ပြီး လွတ်ရက်စေ့ဖို့ ၆ လခန့်သာ လိုတဲ့သူတွေဖြစ်ပြီး ဒီနေ့နေ့လယ် ၁ နာရီဝန်းကျင်က ပြန်လွတ်ခဲ့တာလို့ ဆိုပါတယ်။

"ပြန်လွတ်ဖို့ သုံးလဝန်းကျင်လောက်ပဲ ကျန်တော့တဲ့ နိုင်ငံရေးအကျဥ်းသားတွေ မပါဘူး။ ရာဇဝတ်မှုနဲ့ ကျတဲ့သူတွေပဲ လွတ်တာ"လို့ အထက်ပါဝန်ထမ်းက ပြောပါတယ်။

လွတ်မြောက်လာသူတွေမှာ အများစုက ရာဇဝတ်မှုနဲ့ ထောင်ကျနေသူတွေဖြစ်ပြီး စစ်ပြေး၊ ရဲပြေးတွေမပါဝင်သလို လွတ်ဖို့ ၃ လဝန်းကျင်သာ ကျန်တော့တဲ့ နိုင်/ကျဥ်းအချို့ကိုလည်း လွှတ်ပေးဖို့ စာရင်းကောက်ယူထားပေမယ့် တကယ်လွှတ်တဲ့အခါ မပါဝင်ဘူးလို့ သူက ဆက်ပြောပါတယ်။ 

ရာဇဝတ်မှု ကျူးလွန်သူတွေကို ပြန်လွှတ်လိုက်တာကြောင့် မြို့မှာ ခိုးဆိုးလုယက်မှုတွေဖြစ်လာမှာကို စိုးရိမ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

"အလုပ်အကိုင်ကမကောင်း စီးပွားရေးမကောင်းတဲ့ကြားထဲ ဒီလို ခိုးဆိုးလုနှိုက်တွေပါ ထပ်လွှတ်တော့ ရပ်ထဲရွာထဲမှာ မလုံခြုံတော့ဘူး။ ခိုးတာလုတာတွေ ဖြစ်လာနိုင်တယ်"လို့ မြို့ခံတဦးက ပြောပါတယ်။

စစ်ကောင်စီက အကျဥ်းသားတွေလွှတ်ပေးဖို့အမိန့်စာကို ဇန်နဝါရီ ၄ ရက်ဒီနေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး အဲ့ဒီအထဲမှာ နိုင်ငံတဝှမ်းက အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦးနဲ့ နိုင်ငံခြားသား အကျဉ်းသား အကျဥ်းသူ ၁၁၄ ဦးလည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် အခုလွတ်မြောက်သူတွေဟာ နောက်တကြိမ် ထပ်မံပြစ်မှုကျူးလွန်ပါက ကျန်ရှိတဲ့ ယခင်ပြစ်ဒဏ်တွေကိုပါ တပေါင်းတည်းကျခံရမယ်လို့လည်း ဆိုထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #လွတ်ငြိမ်း #နိုင်/ကျဥ်း #ရာဇဝတ်မှု #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10