ပေါင်းတည်ထွေအုပ်ရုံးမှာ တပ်စွဲထားတဲ့ ကပစစစ်သား ၁ ဦး ပါးစပ်ထဲသေနတ်ငုံပြီး ပစ်လို့ သေဆုံး

ပေါင်းတည်ထွေအုပ်ရုံးမှာ တပ်စွဲထားတဲ့ ကပစစစ်သား ၁ ဦး ပါးစပ်ထဲသေနတ်ငုံပြီး ပစ်လို့ သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးရုံးမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး အောက်တိုဘာ ၂၈ ရက် ဒီမနက်အစောပိုင်းမှာ ပါးစပ်အတွင်း သေနတ်နဲ့ထည့်ပစ်ကာ အဆုံးစီရင်သွားတယ်လို့ မြို့နယ်ထွေအုပ်ဝန်ထမ်းနဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။

သေဆုံးသွားသူဟာ ပန်းတောင်းမြို့နယ်အတွင်း ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစတပ်) တခုမှ ဒုတပ်ကြပ်အဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးဖြစ်ပြီး ပေါင်းတည်ထွေအုပ်ရုံးမှာ လုံခြုံရေးစောင့်နေတာကနေ ဒီမနက် ၂ နာရီမှာ အဆုံးစီရင်တာလို့ သိရပါတယ်။

“အဲဒီစစ်သားတွေက ထွေအုပ်ရုံးရဲ့နောက်ကတန်းလျားမှာနေတာ။ ဘာကြောင့်လို့တော့ မသိရဘူး။ ပါးစပ်ထဲကို သေနတ်ပြောင်းဝထည့်ပြီး သူ့ကိုယ်သူပစ်သေသွားတာ။ ဘယ်ကပစတပ်ကဆိုတာတော့  မသိရဘူး“လို့ မြို့နယ်ထွေအုပ်နဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

အဆိုပါ ထွေအုပ်ရုံးအတွင်းမှာ ကပစ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် တပ်စွဲနေတာဖြစ်ပြီး လက်ရှိမှာ အလောင်းဟာ ထွေအုပ်ရုံးထဲမှာ မရှိတော့သလို ဘယ်နေရာကို သယ်သွားတယ်ဆိုတာ မသိရဘူးလို့ သူကဆက်ပြောပါတယ်။ 

ပန်းတောင်းမြို့ခံတဦးကတော့ ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ပန်းတောင်းအခြေစိုက် ကပစ တပ် ၄ တပ်က စစ်သားတွေ တာဝန်ထမ်းဆောင်နေတာလို့လည်း ဆိုပါတယ်။

 "ပန်းတောင်းတပ်နယ်က တပ်တွေကပေါင်းတည်မှာ အကုန်တာဝန်ကျတယ်။ အကုန်လုံးကမနေချင်တော့ဘူး သေတာလည်းများတယ်။  စစ်ဆင်ရေးအတွေ့အကြုံမှမရှိတာ သေကြမှာပေါ့၊ ပညာတတ်တွေကတော့ ပြေးကုန်ပြီ ” လို့ သူက ပြောပါတယ်။  

 ပန်းတောင်းမြို့နယ်မှာ ဆင်တဲအခြေစိုက် ကပစ ၃၊ ထုံးဘိုအခြေစိုက် ကပစ ၅၊ ညောင်ခြေထောက်အခြေစိုက် ကပစ ၆ နဲ့ ကျောက်ဖူးအခြေစိုက် ကပစ ၉ တပ်တွေ တည်ရှိတာဖြစ်ပြီး အဲ့ဒီတပ်တွေကနေ ထုတ်နှုတ်စုပေါင်းကာ ပဲခူးရိုးမနဲ့ထိစပ်နေတဲ့ ပေါင်းတည်၊ နတ္တလင်း၊ အုတ်ဖို၊ မင်းလှ စတဲ့မြို့နယ်တွေကို တိုက်ခိုက်ရေးအတွက်ပို့ဆောင်နေတယ်လို့ ကပစ ၃ တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တဦးက ပြောပါတယ်။

ဒါ့အပြင် ပေါင်းတည်မြို့နယ်စစ်ကောင်စီကို ကပစ ၅ တပ်ရင်းမှ ကိုင်တွယ်တာဖြစ်ပြီး အဖွဲ့ဝင် ၁ မှာ ကပစ ၅ တပ်မှ ဗိုလ်မှူး ဝေလွင်ဦးဆိုသူဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်  အောက်တိုဘာလ ၅ ရက်ကလည်း ပေါင်းတည်မြို့နယ်မှတ်တိုင်ရဲစခန်းက ရဲတပ်ကြပ်တဦး ရဲလိုင်းခန်းထဲမှာ သူ့ကိုယ်သူသေနတ်နဲ့ ပစ်သတ်ကာ အဆုံးစီရင်သွားခဲ့ပါသေးတယ်။ 

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူးအနောက်ခြမ်း #ပေါင်းတည် #ထွေအုပ်ရုံး #စစ်ကောင်စီတပ် #သေဆုံးမှု #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10