ပေါင်းတည်နဲ့ကြို့ပင်ကောက်မြို့မှာ စစ်ကောင်စီစစ်ကြောင်းတွေ တိုက်ခိုက်ခံရ

ပေါင်းတည်နဲ့ကြို့ပင်ကောက်မြို့မှာ စစ်ကောင်စီစစ်ကြောင်းတွေ တိုက်ခိုက်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်နဲ့ ကြို့ပင်ကောက်မြို့နယ်က စစ်ကောင်စီစစ်ကြောင်းတွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြတယ်လို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PPDF ရဲ့ သတင်းထောက်လှမ်းရေးတာဝန်ခံဆီက သိရပါတယ်။ 

ပေါင်းတည်မြို့နယ်မှာ စက်တင်ဘာ ၂၉ ရက်မနေ့က သိမ်ကုန်းတာဝါတိုင်ကနေ ထွက်လာတဲ့ အင်အား ၂၇ ဦးပါစစ်ကြောင်းကို ကိုင်းကွင်းရွာနဲ့ ထန်းကုန်းရွာကြားကနေ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ကြတာဖြစ်ပြီး  စက်တင်ဘာ ၂၇ ရက်က ကြို့ပင်ကောက်မြို့နယ်အတွင်း တိုက်ခိုက်မှုမှာ ကြာအင်းချောင်းမကြီးအနီးရှိ ခုနှစ်အိမ်တန်းရွာမှာတပ်စွဲထားတဲ့ စစ်သားနဲ့ပျူစောထီးတွေကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

”စစ်ကောင်စီစစ်ကြောင်းကထောင်ထားတဲ့ မိုင်းကွင်းကနေ မဖြတ်ဘဲ ရိုးချောင်းလေးထဲဖြတ်ဆင်းသွားတာကို ကျနော်တို့  ၂ ဖွဲ့က ဝိုင်းပစ်တာမှာ စစ်သား ၂ ယောက်ကိုယာတဲထဲ ဆွဲသွင်းသွားတာကို မြင်လိုက်ရတယ်။ သေမသေမသိရဘူး။ " လို့ PPDF သတင်းထောက်လှမ်းရေးတာဝန်ခံက ပြောပါတယ်။ 

စစ်ကောင်စီစစ်ကြောင်းထွက်ခွါသွားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းစဉ် မပေါက်ကွဲသေးတဲ့ ၆၀ မမကျည်  ၂ တောင့်၊ ၇•၆၂ ကျည် ၂ တောင့်အပြင် ၄၀ မမနဲ့ အခြားကျည်ခွံတွေကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာ ပြည်ခရိုင်တပ်ရင်းတွေဖြစ်တဲ့ ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၂ Sniper တပ်ဖွဲ့နဲ့ ၃၆၀၂ PDF တပ်ရင်း တပ်ခွဲ ၄ တို့ ပူးပေါင်းခဲ့တာလို့ ပြောပါတယ်။

ကြို့ပင်ကောက်မြို့နယ်က တိုက်ခိုက်မှုမှာလည်း ကင်းပုန်းဝပ်နေတဲ့စစ်သား ၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိတယ်လို့ Black Dragon(GBK PDF) ကထုတ်ပြန်ထားပြီး ထုတ်ပြန်တဲ့ရုပ်သံမှာလည်း လက်နက်ကြီးငယ်နဲ့ တိုက်ခိုက်နေတာကို တွေ့ရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆  BlackDragon(GBK PDF) က ရိုးမနဂါးဦးဆောင်ပြီး တပ်ရင်း ၃၈၀၂ တပ်ခွဲ ၁ Dragon Brother(GBK PDF)၊ တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ YO MA(GBK PDF) တပ်ခွဲ ၃ BTZ GBK PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ YOMA(GBK PDF)က တပ်ခွဲမှူး ကရင်လေးဆီက သိရပါတယ်။

ပဲခူးရိုးမအနောက်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မကြာခဏတိုက်ခိုက်နေကြပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်ကလည်း   မင်းလှမြို့နယ်ပဲခူးရိုးမအစပ် ဘီးချောင်းကုန်းမှာ အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့  ဒေသခံတပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ တို့  မိနစ် ၂၀ ကြာတိုက်ခိုက်မှုမှာလည်း ၂ ဘက်ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။

ပုံစာ - ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းဆည်းရမိသည့် ခဲယမ်းများ။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကောင်စီ #တိုက်ခိုက်မှု #ပဲခူးတိုင်းအနောက်ခြမ်း #ပေါင်းတည် #ကြို့ပင်ကောက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10