ပေါင်းတည်မြို့နယ်မှာ ကျောင်းထိုင်ဆရာတော်တပါး ပစ်သတ်ခံရ

ပေါင်းတည်မြို့နယ်မှာ ကျောင်းထိုင်ဆရာတော်တပါး ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ရွာအုပ်စုထဲမှာ ဇွန်လ ၂၂ ရက် မနေ့နေ့လယ်ပိုင်းက ကျောင်းထိုင်ဘုန်းတော်ကြီးတပါး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံဘုန်းကြီးတပါးဆီက သိရပါတယ်။

အသတ်ခံရတဲ့ဘုန်းကြီးဟာ သက်တော် ၆၅ နှစ်ရှိကာ ပေါင်းတည်မြို့နယ်အတွင်း ပဲခူးရိုးမအစပ်ဒေသရှိ လက်ပံခုံရွာဘုန်ကြီးကျောင်းမှာ ကျောင်းထိုင်သတင်းသုံးနေတာဖြစ်ပြီး တောင်ခမောက်ရွာကအပြန် တောင်ခမောက်ရွာနဲ့ လက်ပံခုံရွာအကြားမှာ သေနတ်နဲ့ပစ်သတ်ခံရတာလို့ ဆိုပါတယ်။

"ဘွဲ့အမည်တော့မမှတ်မိဘူးဗျ။ ကျုပ်တို့အရပ်က ကျောင်းထိုင်တဲ့ရွာကိုအစွဲပြုပြီး လက်ပံခုံဆရာတော် လို့ဘဲခေါ်တာ။ သူ လမ်းမှာပျံတော်မူတဲ့အကြောင်းကို ညကမှသိရတာ၊ ဘယ်သူမှဘုန်းကြီးဆီကိုအကြောင်း ကြားတာမျိုးတော့မရှိဘူး"လို့ ဆရာတော်က မြေလတ်အသံကို မိန့်ပါတယ်။

လက်ပံခုံဆရာတော်ပျံတော်မူတာနဲ့ပတ်သက်ပြီး အခြားဝေဖန်ပြောစရာမရှိပေမယ့် ဗုဒ္ဓဘာသာဝင်တဦးအနေနဲ့ပြောရရင်တော့ မကောင်းဘူးလို့ ဆရာတော်ကဆက်လက်မိန့်ကြားပါတယ်။

ဒေသခံတဦးကလည်း မနေ့နေ့လယ် ၂ နာရီလောက်မှာ သေနတ်သံ ၃ ချက်ကြားရကြောင်းနဲ့ ဆရာတော်ဟာ တောင်ခမောက်ရွာကနေပြန်လာချိန်မှာ ပစ်သတ်ခံရတာဖြစ်တယ်လို့ အတည်ပြုပြောပါတယ်။ 

လက်ပံခုံဆရာတော် ပစ်သတ်ခံရတာနဲ့ပတ်သက်ပြီး ဘယ်သူတွေလုပ်ဆောင်တယ်ဆိုတာတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ဇွန်လ ၁၁ ရက်ကတော့ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ လက်ပံခုံကျေးရွာက စစ်ကောင်စီသတင်းပေးဆိုသူအသက် ၅၀ ကျော်အရွယ် ကိုတင်အောင်လေး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါသေးတယ်။

 

စာတည်း- ရင်ငြိမ်း

 

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #ကျောင်းထိုင်ဘုန်းကြီး #ပစ်သတ်ခံရ #သေဆုံးမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10