ပေါင်းတည်မြို့နယ်အတွင်းက ကျေးရွာတွေကို လိုက်လံမီးရှို့နေတဲ့ စစ်ကြောင်းကို PDF တိုက်ခိုက်

ပေါင်းတည်မြို့နယ်အတွင်းက ကျေးရွာတွေကို လိုက်လံမီးရှို့နေတဲ့ စစ်ကြောင်းကို PDF တိုက်ခိုက်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်အတွင်းက ကျေးရွာတွေကို လိုက်ခံမီးရှို့နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၂၄ ရက် မွန်းလွဲပိုင်းမှာ နတ်ရေတွင်းရွာအနီးမှာ တိုက်ခိုက်ခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပေါင်းတည်မြို့နယ်၊ နတ်ကန်ရွာမှာ အင်အား ၅၀ လောက်နဲ့ မီးရှို့တပ်စွဲနေတဲ့ စစ်တပ်ကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ ၁ နဲ့ တပ်ခွဲ ၂ (ဧရာညီနောင်) စစ်ကြောင်းက မနေ့ မနက်ပိုင်းမှာ လက်နက် ကြီးနဲ့ ၅ ချက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အဲ့ဒီလိုတိုက်ခိုက်ခံရပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဟာ နတ်ရေတွင်းရွာကို မီးရှို့သွားခဲ့တယ်လို့ သိရပါတယ်။ 

“သက်သက်မဲ့ကို စစ်တပ်က မီးရှို့နေတာ။ တော်တော်ယုတ်မာတယ်ဗျာ။ သူတို့က PDFကို မနိုင်တော့ ရွာသား လာအပြစ်ရှာနေတဲ့ သူတို့ရဲ့ အကုသိုလ်အကျိုးတော့ ပြန်ခံရမှာပေါ့“ လို့ ဒေသခံတဦးက ပြောပါတယ်။

ပေါင်းတည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆက်သွယ်ရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံကလည်း “အဲဒီစစ်ကြောင်းဟာ ဇန်နဝါရီ ၂၃ ရက်က လက်ပခုံရွာက ယာတဲတွေအပြင် နတ်ကန်ရွာနဲ့ ညောင်ပင်ရွာက နေအိမ်တွေကို မီးရှို့ခဲ့ပြီး လက်ရှိအချိန်အထိ ပျက်စီးယာတဲနဲ့ နေအိမ်စာရင်းကို ပြုစုနေဆဲဖြစ်တယ်” လို့ ပြောပါတယ်။ 

မီးရှို့ခံရတဲ့ နတ်ရေတွင်းရွာတွေဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး စစ်ကောင်စီက မကြာခဏ စစ်ကြောင်းထိုးခံရလို့ ရွာသူရွာသားတွေဟာ တောတောင်တွေထဲကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၅ ရက် ဒီနေ့မှာ စစ်ကောင်စီတပ်ဟာ ပဲခူးရိုးမတောင်ခြေက နွေးတောင်ကို ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၄ ရက်ကလည်း အဲ့ဒီစစ်ကောင်စီတပ်ဟာ တောင်ခမောက်ရွာက နေအိမ် ၂၀ လုံးနဲ့ စပါးကျီ ၂ လုံး၊ ဇန်နဝါရီ ၁၄ ရက် မွန်းလွဲပိုင်းမှာ မအူကွင်းရွာက နေအိမ် ၃၃လုံးနဲ့ ညနေမှာ တောင်ခမောက်ရွာက နေအိမ် ၇၂ လုံးနဲ့ စပါးကျီ ၃ လုံးအပြင် ပညာရေးဝန်ထမ်းဆောင် တဆောင်ကိုလည်း မီးရှို့ခဲ့ပါသေးတယ်။

ပုံစာ - မီးရှို့ခံရသည့် နတ်ရေတွင်းရွာ မြင်ကွင်း။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ပေါင်းတည် #တိုက်ခိုက် #စစ်ကောင်စီ #နတ်ရေတွင်းရွာ #မီးရှို့ #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10