သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့ရဲ့အထင်ကရဖြစ်တဲ့ ဗုဒ္ဓစွယ်တော်မြတ်ကို လှည့်လှည်အပူဇော်မခံတော့ဘဲ အကျဉ်းချုံးအပူဇော်ခံမှာဖြစ်တယ်လို့ မြတ်စွယ်တော်ဂေါပကအဖွဲ့နဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။
ယခုနှစ် ဗုဒ္ဓစွယ်တော်ပွား အပူဇော်ခံပွဲမှာ လှည့်လည်အပူဇော်ခံတဲ့အစီအစဉ်မပါဘဲ တော်သလင်းလဆန်း ၁၄ ရက်နဲ့ ၁၅ ရက်(လပြည့်နေ့)တွေဖြစ်တဲ့ စက်တင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက် မနက် ၈ နာရီမှ ညနေ ၄ အထိ ဂန္ဓကုဋီတိုက်အတွင်းမှာသာ ဖွင့်လှစ်အပူဇော်ခံမှာဖြစ်တယ်လို့ ဆိုပါတယ်။
“စစ်ကောင်စီက ပွဲတော်ကလည်း လုပ်ပြချင်တယ်။ လုံခြုံရေးက သူတို့တောင်မလုံခြုံတော့ ပြည်သူကို ဘယ်လိုကာကွယ်ပေးမလဲ။ လူငယ်တွေပွဲတော်လာရင်း အခန့်မသင့်ရင် စစ်မှုထမ်းအဖမ်းခံရမယ့် အန္တရာယ်ကလည်းရှိတယ်“ လို့ ပေါင်းတည်မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။
တနှစ်တာလုံး ဖုံးအုပ်ထားတဲ့ စွယ်တော်ကြုတ်အတွင်းရှိ ဗုဒ္ဓစွယ်တော်ပွားလှည့်လည်အပူဇော်ခံပွဲကို ယခင်က တော်သလင်းလဆန်း ၁၂ ရက်ကနေ လပြည့်ကျော် ၁ ရက်အထိကျင်းပတာဖြစ်ပြီး၊ လဆန်း ၁၃ရက်လှည့်လည်ရာမှာ ဆင် ၃ စီးရဲ့ ဒုတိယမြောက် ဆင်ပေါ်မှာ စွယ်တော်ပွားကို တင်ဆောင်ကာ ငါးရာ့ငါးဆယ်နိပါတ်တော်တွေကို သရုပ်ဖော်ထားတဲ့ လှည်းတန်းတွေအပြင် နိုင်ငံကျော်အဆိုတော်တွေပါဝင်တဲ့ ယိမ်းကားတန်းနဲ့ လှည့်လည်ပူဇော်ကြတာဖြစ်လို့ အနယ်နယ်အရပ်က ဆယ့်နှစ်ပွဲဈေးသည်တွေ ဘုရားဖူးလာသူတွေနဲ့ ကြက်ပျံမကျစည်ကားခဲ့တဲ့ ပွဲတော်လည်းဖြစ်ပါတယ်။
“ စီးပွားရေးကြပ်တည်းနေချိန်ဖြစ်တော့ ပြည်သူတွေအနေနဲ့လည်း စိတ်ထွက်ပေါက်အနေနဲ့ သွားရောက်လည်ပတ်မယ့်သူတွေလည်း ရှိနိုင်ပါတယ်” လို့ အထက်ပါဒေသခံကဆက်ပြောပါတယ်။
ကိုဗစ်ကာလ ၂၀၁၉ က စတင်ကာ ဗုဒ္ဓမြတ်စွယ်တော်လှည့်လည်အပူဇော်ခံပွဲ ကျင်းပနိုင်တာမရှိတော့ဘဲ စစ်အာဏာသိမ်းပြီးနောက် လက်ရှိစစ်ကောင်စီလက်ထက်အထိ မကျင်းပနိုင်တာဖြစ်ပြီး ယမန်နှစ် မြတ်စွယ်တော်အပူဇော်ခံပွဲ ကျင်းပခါနီးကာလရက်ပိုင်းအလိုမှာပဲ စွယ်တော်မြတ်အပူဇော်ခံထားရှိရာ ဂန္ဓကုဋီတိုက်အနီး ဗုံးတလုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။
ပေါင်းတည်မြို့နယ်ကို စစ်ကောင်စီက ၂၀၂၃ ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ်ရေးကြေညာထားသလို တဖက်မှာလည်း စစ်မှုထမ်းကိစ္စအကြောင်းပြကာ လူငယ်တွေကို နေအိမ်အတွင်းအထိလိုက်လံဖမ်းဆီးနေပြီး ငွေတောင်းခံတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပေါင်းတည်ဗုဒ္ဓစွယ်တော်ပွားကို မြန်မာသက္ကရာဇ် ၁၂၅၉ ခုနှစ်မှာ သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့ (သီဟိုဠ်ကျွန်း)ရှိ ဗုဒ္ဓစွယ်တော်အစစ်နဲ့ ၇ ရက်တာ အတူထားရှိပြီးမှ ပေါင်းတည်မြို့ကိုပင့်ဆောင်လာတာဖြစ်ပြီး ကိုဗစ်ကာလမတိုင်ခင်အထိ အပူဇော်ခံလှည့်လည်ပွဲကျင်းပခဲ့တာ နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။
ပုံစာ - ယမန်နှစ် စွယ်တော်အပူဇော်ခံပွဲဖွင့်ပွဲကို စစ်ကောင်စီဦးဆောင်ပြီး ပြုလုပ်နေစဉ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#ပဲခူး #ပေါင်းတည် #စွယ်တော် #လှည့်လည်ပူဇော်
Share Share Share