ပေါင်းတည်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပေါ်တာကြေး ခြိမ်းခြောက်ကောက်ခံ

ပေါင်းတည်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပေါ်တာကြေး ခြိမ်းခြောက်ကောက်ခံ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးက ကျေးရွာနေ ပြည်သူတွေထံကနေ ပေါ်တာကြေးလိုက်လံကောက်ခဲ့တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ စစ်ကောင်စီဝန်ထမ်းတဦးက ပြောပါတယ်။ 

ပေါင်းတည်မြို့နယ်၊ တောင်ဘို့လှအုပ်စု အုပ်ချုပ်ရေးမှူးက ဒီဇင်ဘာလဆန်းကနေ ဒီဇင်ဘာ ၆ ရက်အတွင်းက အိမ်ထောင်စု ၁ စုကို ကျပ် ၁,၀၀၀ နှုန်းကောက်ခံခဲ့တာလို့ ဆိုပါတယ်။ 

အိမ်ထောင်စု ၈၅၀ ဝန်းကျင်ရှိတဲ့ တောင်ဘို့လှအုပ်စုထဲက တောင်ဘို့လှ၊ သရက်ချဉ်စတဲ့ ကျေးရွာ ၁၀ ရွာမှာ ကောက်ခံတာလို့ သိရပါတယ်။

“ပေါ်တာကြေးမပေးတဲ့ အိမ်ကို သူကိုယ်တိုင်လာမယ်၊ နောင်ဖြစ်လာတာ တာဝန်မယူဘူးလို့လည်းပြောတယ်။ ရွာသားတွေက မရှိတဲ့ကြားထဲက ကြောက်ပြီးပေးကြရတာ။ အုပ်ချုပ်ရေးမှူးပြောတာကတော့ ပေါ်တာဆွဲ မခံရအောင် မြို့ကို ပေးရတာလို့ ပြောတယ်” လို့ တောင်ဘို့လှအုပ်စုက ဒေသခံတဦးက ပြောပါတယ်။

ပေါ်တာကြေးကောက်ခံတဲ့ငွေတွေကို ရာအိမ်မှူးတွေက တအိမ်တက်ဆင်းလိုက်ကောက်ကာ အုပ်ချုပ်ရေးမှူးဆီကို ပေးရတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ ဝန်ထမ်းအိမ်တွေကိုတော့ ကောက်ခံတာမျိုး မရှိဘူးလို့ သူက ဆက်ပြောပါတယ်။ 

အဲ့ဒီအုပ်ချုပ်ရေးမှူးဟာ သူ့ကို စစ်ကောင်စီက ခန့်အပ်ထားတာဖြစ်လို့ စစ်တပ်စကားကိုသာ နားထောင်မှာ ဖြစ်တယ်လို့ ကျေးရွာသားတွေကို မကြာခဏပြောဆိုလေ့ရှိပြီး ကျေးရွာအတွင်း သွားလာရာမှာလည်း နေအိမ်မှာခေါ်ထားတဲ့ စစ်သား ၂ ဦးနဲ့ အမြဲလိုလို သွားလာလေ့ရှိတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ ကျေးရွာအုပ်စုအတွင်းက ကောက်ခံရငွေ ကျပ် ၈ သိန်းဝန်းကျင်ရရှိပြီး မြို့နယ်စစ်ကောင်စီကို ဘယ်လောက် ပေးသွင်းတယ်ဆိုတာကိုတော့ မသိရဘူးလို့ ဆိုပါတယ်။ 

အဲ့ဒီ ကျေးရွာအုပ်စုဟာ စိုက်ပျိုုးရေးလုပ်ငန်း အဓိကလုပ်ကိုင်တဲ့ ကျေးရွာဖြစ်ပြီး အများစုဟာ ဝင်ငွေနည်း အိမ်ထောင်စုတွေဖြစ်တယ်လို့ သိရပါတယ်။  

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #ပေါ်တာဖမ်း #အုပ်ချုပ်ရေးမှူး #စစ်ကောင်စီ #တောင်ဘို့လှ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10