ပေါင်းတည်မှာ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရလို့ ၂ ဦးသေပြီး ၅ ဦးဒဏ်ရာရ

ပေါင်းတည်မှာ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရလို့ ၂ ဦးသေပြီး ၅ ဦးဒဏ်ရာရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်  ပဲခူးရိုးမအစပ်မှာ ဇွန်လ ၂၅ ရက်မနက်က စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့လို့ စစ်သား ၂ ဦးသေကာ ၄ ဦးဒဏ်ရာရပြီး လက်နက်ပစ္စည်းအချို့ပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDFက သတင်းထုတ်ပြန်ထားပါတယ်။

ပေါင်းတည်မြိုနယ်၊ သိမ်ကုန်းရွာဘက်ကနေလာတဲ့ အင်အား ၃၀ ဦးလောက်ပါစစ်ကြောင်းကို သစ်ပုတ်အုပ်စု၊ မအူကွင်းရွာနဲ့ လက်ပံခုရွာကြားယာတဲမှာ မနေ့မနက် ၁၀ နာရီကျော်လောက်က နားနေချိန် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

"ကျနော်တို့က စစ်ကြောင်းနောက်ကနေ နောက်ယောင်ခံပြီး လိုက်လာတာမှာ ရုတ်တရက် အလစ်အငိုက်လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ သေဆုံးအလောင်းကိုတော့ တဲအတွင်းမှာပဲ မီးရိူ့သွားတာ" လို့ PPDF မှ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်က ဆုတ်ခွာချိန်မှာ Tiger စစ်ကြောင်းက တိုက်ခိုက်ခဲ့တဲ့နေရာကိုသွားရောက်စစ်ဆေးရာ MA 3 ကျည်ဘောက် ၁ ခု၊ စက်ကလေးကျည်ဘောက် ၁ ခု၊ 5.56ကျည်အတောင့် ၂၀၊ စစ်သားယူနီဖောင်း၊ အရပ်ဝတ်အဝတ်အထည်နဲ့ သွေးစွန်းနေတဲ့ ပတ်တီးစတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့လည်း ရမ်းသန်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပေမယ့်ပြည်သူ့ကာကွယ်ရေးတပ်သားတွေ အန္တရာယ်ကင်းခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ဒေသခံတဦးကလည်း မနေ့ကတိုက်ပွဲနဲ့ နီးတဲ့ရွာတွေကို စစ်တပ်ကဒုက္ခပေးတာမရှိပဲ ဒဏ်ရာရတဲ့စစ်သားတွေကိုထမ်းစင်တွေနဲ့ သစ်ပုတ်ရွာကိုပြန်ထမ်းသွားသလို မနေ့ညနေမှာတော့ ဒဏ်ရာရစစ်သားတွေကို သစ်ပုတ်ရွာကနေ ပေါင်းတည်မြို့ဘက်ကို ကားတစီးနဲ့ ပြန်သယ်သွားတယ်လို့ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁ PPDF) တပ်ရင်း အဖွဲ့ ၁ Tiger စစ်ကြောင်းက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ တောင်ခမောက်ရွာကအမျိုးသမီးတွေကို ဇွန်လ ၂၆ ရက် ဒီနေ့နေ့လယ်ပိုင်းမှာ စစ်မေးတာတွေရှိခဲ့ပြီး လက်ရှိမှာ‌တော့ တောင်ခမောက်ရွာမှာ စခန်းချကာ ချက်ပြုတ်နေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်မနက် ၈ နာရီလောက်ကလည်း ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမအစပ်ကြိုးဝိုင်းထဲကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၄၀ ၀န်းကျင်ပါ စစ်ကောင်စီတပ်ကို ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁ ဦးသေကာ ၁ ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

 

ပုံစာ - စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျန်ရစ်ခဲ့တဲ့အသုံးအဆောင်များ။ 

 

စာတည်း - လင်း 

 

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #ပဲခူးရိုးမ #မိုင်းဆွဲ #စစ်ကောင်စီ #၂ ဦးသေ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10