ပေါင်းတည်မှာ စစ်ကောင်စီစစ်ကြောင်း တနေ့တည်း ၃ ကြိမ်တိုက်ခိုက်ခံရ

ပေါင်းတည်မှာ စစ်ကောင်စီစစ်ကြောင်း တနေ့တည်း ၃ ကြိမ်တိုက်ခိုက်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမအစပ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဇူလိုင်လ ၃ ရက် တနေ့တည်းမှာတင် ၃ ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက် က ၂ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF က ဇူလိုင်လ ၅ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

ပေါင်းတည်မြို့နယ်၊ တောင်ခမောက်ရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီအဖွဲ့နဲ့ သစ်ပုတ်ရွာအနီး မိုင်တဲတာဝါတိုင်ကိုစောင့်နေတဲ့ စစ်ကောင်စီအဖွဲ့တို့  ၂ ဖွဲ့ပေါင်းထားတဲ့ အင်အား ၆၀ ဝန်းကျင်ပါ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

 

မနက် ၈ နာရီက သစ်ပုတ်အုပ်စု၊ စမ်းမအိုင်ရွာနဲ့ ဘုတ်တိုင်ကျော လမ်းဆုံကြားမှာ တကြိမ်၊ နေ့လယ် ၁၂ နာရီခန့်က စမ်းမအိုင်ရွာအနီး စစ်ကောင်စီအဖွဲ့တွေ လက်နက်ကြီး တပ်ဆင်နေချိန်မှာ တကြိမ်နဲ့ ညနေ ၅ နာရီခန့်မှာ တကြိမ် စုစုပေါင်း ၃ ကြိမ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

 

"မနက် ၈ နာရီလောက်တိုက်တာမှာက စစ်ကြောင်းက တဲထဲနားဖို့ပြင်နေတုန်း စနိုက်ပါနဲ့ပစ်ပြီးမှ လက်နက်ငယ်နဲ့ထပ်ပစ်တာမှာ ထိကုန်တာ။  ကျနော်တို့က အဖွဲ့ခွဲတွေထားပြီး တိုက်ရတာ။ အဓိက အနီးကပ်ချောင်းမြောင်း တိုက်ခိုက်ရတာပါ"လို့ PPDF သတင်းထောက်လှမ်းရေး တာဝန်ခံက ပြောပါတယ်။

 

စစ်ကြောင်းဟာ အဲ့ဒီနေ့ ည ၇ နာရီလောက်မှာတော့ ဒဏ်ရာရစစ်သား ၅ ဦးကို စောင်ပုခက်ထမ်းစင် ၅ ခုနဲ့ သစ်ပုတ်တာဝါတိုင် ယာယီစခန်းကို သယ်သွားတယ်လို့ သူကဆက်ပြောပါတယ်။

 

ဒီတိုက်ခိုက်မှုကို PPDF၊ ၃၆၀၁ တပ်ရင်း အဖွဲ့  ၂ လင်းယုန်စစ်ကြောင်းနဲ့ ၃၆၀၂ တပ်ရင်း အဖွဲ့ ၁ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ပြန်လှန်ပစ်ခတ်မှုတွေ ရှိပေမယ့် တိုက်ခိုက်ရေးရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။ 

 

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ 

 

ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်ကလည်း ပေါင်းတည်မြို့နယ်၊ တောင်ခမောက်ရွာနဲ့ ပေါက်ပင်ကွင်းရွာက ထွက်လာတဲ့ အင်အား ၅၀ ပါ စစ်ကောင်စီစစ်ကြောင်းကို ယင်းမာတောင်ခြေရင်းကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့စစ်သား ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

 

ပုံ - ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  ရှေ့တန်းထွက်နေစဉ်။ (ပုံဟောင်း)

 

စာတည်း - လင်း

 

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #တိုက်ခိုက် #PPDF #စစ်ကောင်စီ #သေဆုံးမှုရှိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10