ပေါင်းတည်မှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့  ၃ ဦး ပြင်းထန်ဒဏ်ရာရ

ပေါင်းတည်မှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့  ၃ ဦး ပြင်းထန်ဒဏ်ရာရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမအစပ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဇူလိူင် ၂ ရက်မနေ့မနက် ၈ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PPDF သတင်းထောက်လှမ်းရေး တာဝန်ခံဆီက သိရပါတယ်။

 

ပေါင်းတည်မြို့နယ်၊ တောင်ခမောက်ရွာက ထွက်လာတဲ့စစ်ကြောင်းနဲ့ ပေါက်ပင်ကွင်းရွာက ထွက်လာတဲ့ ပူးပေါင်းစစ်ကြောင်းအပါ အင်အား ၅၀ လောက်ကို ယင်းမာတောင်ခြေရင်းကနေ မနေ့မနက်  ၈ နာရီလောက်မှာ မိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

 

"ရှေ့ပွိုင့် စစ်သား ၅ ဦးက မိုင်းကွင်းထဲရောက်လာတာကို ဆွဲလိုက်တာ။ ၃ ဦးကတော့ ပက်လက်လန်နေတာ၊ ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတာ"လို့ PPDF သတင်းထောက်လှမ်းရေး တာဝန်ခံကပြောပါတယ်။

 

တိုက်ခိုက်ခံရအပြီး စစ်ကြောင်းဟာ ဒဏ်ရာရစစ်သားတွေကို တောတိုက်တဲထဲကို ယူဆောင်ပြီး ယာယီစခန်းချကာ ဆေးကုပေးနေတယ်လို့ သူကဆက်ပြောပါတယ်။

 

စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရ ဦးရေအသေးစိတ်ကိုတော့ မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ 

 

ဇွန်လ ၂၅ ရက် မနက် ၁၀ နာရီလောက်ကလည်း ပေါင်းတည်မြိုနယ်၊  သိမ်ကုန်းရွာဘက်ကနေလာတဲ့ အင်အား ၃၀ ဝန်းကျင်ပါ စစ်ကြောင်းကို သစ်ပုတ်အုပ်စု၊ မအူကွင်းရွာနဲ့ လက်ပံခုံရွာကြားကနေ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရခဲ့ပါသေးတယ်။ 

 

ပြီးခဲ့တဲ့ဇွန်လ ၃ ရက်ကတော့ ပေါင်းတည်မြို့နယ် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရှေ့တန်းကင်းကို စစ်တပ်က အင်အား ၅၀ လောက်နဲ့ ဝင်ရောက်စီးနင်းခဲ့တာကြောင့်  လက်နက်အချို့ ဆုံးရူံးခဲ့ရပါသေးတယ်။

 

စာတည်း - လင်း

 

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #စစ်ကောင်စီ #မိုင်းဆွဲ #စစ်သားဒဏ်ရာရ #PPDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10