ပေါင်းတည်မှာ စစ်ကောင်စီစစ်ကြောင်း ၆ ကြိမ်တိုက်ခိုက်ခံရလို့ ၅ ဦးသေဆုံးဟုဆို

ပေါင်းတည်မှာ စစ်ကောင်စီစစ်ကြောင်း ၆ ကြိမ်တိုက်ခိုက်ခံရလို့ ၅ ဦးသေဆုံးဟုဆို

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမအစပ်မှာ စစ်ကောင်စီနဲ့ ဒေသခံ ကာကွယ်ရေးတပ်တို့ ဆက်တိုက်ဆိုသလို ထိတွေ့တိုက်ခိုက်မှုဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)ရဲ့ တာဝန်ရှိသူဆီက သိရပါတယ်။

စစ်သားအင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးတပ်စွဲနေတာတွေကို ဒေသခံ PDF တွေက မေလ ၇ ရက်ကနေ ၁၅ ရက်အတွင်း ခုခံတိုက်ခိုက်မှု ၆ ကြိမ် ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

"ရိုးမအစပ်မှာ စစ်သားကအင်အား ၁၀၀ ကျော်ရှိတယ်။ အဲဒီ ၁၀၀ ကျော်ကနေ တခါတလေ စစ်ကြောင်း ၄ ကြောင်းဖြန့်ထိုးတယ်။ ကျနော်တို့ကလည်း အနီးကပ်တိုက်တာတွေရော သွားလမ်းလာလမ်းတွေကိုရော မိုင်းထောင်မိုင်းဆွဲတာ ထိတွေ့မှု ၆ ကြိမ် ပြုလုပ်နိုင်ခဲ့တယ်၊ အနီးကပ်မြင်ရတာရော ကင်းထောက်တွေရဲ့သတင်းပေးမှုတွေအရ စစ်သား ၅ ဦးထက်မနည်းသေပြီး ဒဏ်ရာရသူတွေလည်းရှိတယ်" လို့ PPDF ရဲ့တာဝန်ရှိသူက ပြောပါတယ်။


အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ အရင်ကလို တနေရာတည်းမှာ ကြာကြာမနေပဲ ရိုးမအစပ်မှာ လှည့်လည်လူပ်ရှားနေတာကို မျက်ခြေမပြတ်သတင်းစောင့်ယူကာ တိုက်ခိုက်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။

မေလ ၇ ရက် မနက် ၃ နာရီမှာ သိမ်ကုန်းရွာတာဝါတိုင်စောင့်စစ်သားတွေကို လက်လုပ် ၄၀ မမ ၄ လုံးနဲ့ တိုက်ခိုက်ပြီး၊ အဲ့ဒီနေ့ မနက် ၈ နာရီလောက်မှာတော့ ပဲခူးရိုးမအစပ် သစ်ပျောက်စမ်းရွာအရှေ့ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်သားအင်အား ၄၀ ကို ကြို့ပင်တောင်အနီးကနေ မိုင်းဆွဲခဲ့လို့ စစ်သား ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မေလ ၁၂ ရက်မှာ ရုပ်ဆိုင်ရွာမှာ တပ်စွဲထားတဲ့စစ်သားတွေကိုလည်း ရွာပြင်ကိုထွက်လာချိန် လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့လို့ စစ်သား ၄ ဦးလောက် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

အလားတူ မေလ ၁၃ ရက်မနက် ၇ နာရီလောက်မှာလည်း စစ်ကြောင်းထိုးလာတဲ့ တပ်သားတွေကို ဘန့်ဘွေးကန်ရွာအနီးကနေ လက်နက်ငယ်တွေနဲ့တိုက်ခိုက်ခဲ့ပြီးနောက် မနက် ၁၀ နာရီလောက်မှာတော့ ထိတွေ့မှုဖြစ်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

အဲ့ဒီနေ့က သေဆုံးသူတွေကိုတော့ ဘန့်ဘွေကန်းရွာအနီးက ယာတဲပေါ်မှာတင်ပြီး မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် မေလ ၁၅ ရက်ညနေ ၅ နာရီလောက်မှာတော့ သိမ်ကုန်းတာဝါတိုင်နဲ့ သိမ်ကုန်း ဘုန်းကြီးကျောင်းမှာတပ်စွဲနေတဲ့ စစ်သား ၇၀ လောက်ကို အသင့်ထောင်ထားတဲ့ အဝေးထိန်းပဒေသာမိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

"ဒီကောင်တွေ (စစ်သား)တွေ အလောင်းလာကောက်ပြီးအပြန်မှာ ထပ်ဆွဲမယ်ဆိုပြီးအပိုင်စောင့်နေတာ၊ သူတို့က အလောင်းကောက်ပြီးအခြားတလမ်းကနေ အထိုင်ချတဲ့ သိမ်ကုန်းရွာဘက်ကို ပြန်သွားလို့ တပွဲတော့လွတ်သွားတယ်" လို့ PPDF တာဝန်ရှိသူက ပြောပါတယ်။

ထိတွေ့တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိင်သေးပါဘူး။

အဲဒီ ထိတွေ့တိုက်ခိုက်မှုတွေကို ပြည်ခရိုင် - ၃၆၀၂ တပ်ရင်းနဲ့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ၃၆၀၁ တို့က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း - ၃၆၀၁ ရဲ့ ရှေ့တန်းကင်းတဲ ၆ လုံးကိုလည်း ပြီးခဲ့တဲ့ မေလ ၅ ရက်က မီးရှို့ဖျက်စီးခဲ့ပါသေးတယ်။

ပုံစာ - ဘန့်ဘွေးကန်ရွာအနီး တိုက်ခိုက်မှုမှာ သေဆုံးခဲ့သည့် စစ်သားတွေကို မီးရှို့နေစဥ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10