ပေါင်းတည်မှာ စစ်ကောင်စီတပ် ခြုံခိုတိုက်ခိုက်ခံရလို့ တဦးသေ၊ တဦးဒဏ်ရာရ

ပေါင်းတည်မှာ စစ်ကောင်စီတပ် ခြုံခိုတိုက်ခိုက်ခံရလို့ တဦးသေ၊ တဦးဒဏ်ရာရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမအစပ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ဇွန်လ ၃ ရက် မနေ့ မနက် ၇ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးသေကာ တဦး ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PPDF ရဲ့ ပြောခွင့်ရသူတဦးက ပြောပါတယ်။
 
ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ လက်ပံခုံရွာအနီး မြေနီတောင်ကြောပေါ်မှာ အင်အား ၄၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
 
"စစ်ကြောင်းက လက်ပံခုံရွာကနေ ထွက်လာတာကိုစောင့်ပြီး လက်နက်ငယ်နဲ့ တိုက်ခိုက်ခဲ့တာပါ။ သေတဲ့တကောင်ကို လက်ပံခုံရွာနားက ယာတဲမှာတင်ပြီး မီးရိူ့သွားတယ်။ အနားက ယာတဲ ၈ လုံးကိုလည်း မီးရိူ့သွားသေးတယ်" လို့ PPDFမှ တာဝန်ရှိသူတဦးက ဆိုပါတယ်။
 
ခြုံခိုတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီစစ်ကြောင်းဟာ ရှေ့ဆက်မတိုးတော့ဘဲ ဒဏ်ရာရစစ်သားကို ပုခက်နဲ့ထမ်းကာ ပြန်လှည့်သွားတယ်လို့ သူကဆက်ပြောပါတယ်။
 
အဲ့ဒီတိုက်ခိုက်မှုကို ပေါင်းတည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၃၆၀၁ - PPDF တပ်ရင်းက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
 
အဲ့ဒီစကစကြောင်းဟာ ပြီးခဲ့တဲ့ ပဲခူးရိုးမအစပ်မှာ လူပ်ရှားနေတဲ့အင်အား ၄၁ ဦးပါ စစ်ကြောင်းဖြစ်ပြီး မေလ ၂၈ ရက်ကလည်း သစ်ပုတ်ကျေးရွာအုပ်စု၊ နွားသိုးတဲတိုက်အနီးမှာ ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့လို့ ၂ ပွင့်စစ်ဗိုလ်တဦးသေဆုံးခဲ့ပါသေးတယ်။
 
ပုံစာ - ဇွန်လ ၃ ရက်တွင် စစ်ကောင်စီတပ်များမီးရှို့ခဲ့သည့် လက်ပံခုံရွာအနီးမှ ယာတဲ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10