ပေါင်းတည်မှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိ

ပေါင်းတည်မှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ် ပဲခူးရိုးမအစပ်မှာ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကို ခြုံခိုတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PPDFက သတင်းထုတ်ပြန်ထားပါတယ်။

ပေါင်းတည်မြို့နယ်၊ သစ်ပုတ်တာဝါတိုင်အထိုင်စခန်းကနေ အင်အား ၂၅ ဦးနဲ့ စစ်ကြောင်းထိုးလာချိန် အောက်တိုဘာ ၇ ရက် မနေ့ညနေ ၄ နာရီလောက်မှာ ကိုင်းကွင်းရွာနဲ့ ထန်းကုန်းရွာကြားကနေ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“စနိုက်ပါနဲ အရင်ပစ်ပြီး တပြိုင်နက်ထဲမှာပဲ  အသင့်နေရာယူထားတဲ့ နေရာတွေကနေပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ“လို့ PPDF ရဲ့ သတင်းထောက်လှမ်းရေးနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၂ ဦးသေပြီး ၅ ဦးဒဏ်ရာရကာ အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို ဝဲကြီးဆည်ဘောင်ရင်းကို လှေနဲ့ပို့ကာ ည ၁၀ နာရီလောက်မှ လူနာတင်ကားနဲ့လာပြီး ပေါင်းတည်မြို့ဘက်ကို သယ်သွား‌ကြောင်းကင်းထောက်တွေဆီက ပြန်ကြားရတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပေမယ့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အန္တရာယ်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်ခရိုင်တပ်ရင်းတွေဖြစ်တဲ့ ၃၆၀၁ PPDF တပ်ရင်းက စနိုက်ပါတပ်ဖွဲ့နဲ့ တပ်ခွဲ ၁၊ တပ်ခွဲ ၂၊ တပ်ခွဲ ၅ နဲ့ ၃၆၀၂ PDF တပ်ရင်းတပ်ခွဲ ၄ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်ကလည်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ အင်အား ၂၇ ဦးပါတဲ့ အဲ့ဒီစစ်ကြောင်းကိုပဲ ခြုံခိုတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိသလို  ၆၀ မမ ဗုံးသီး ၂ လုံး၊ ၇.၆၂ ကျည် ၂ တောင့်နဲ့ ၄၀ မမ ကျည်ခွံတွေ သိမ်းဆည်းနိုင်ခဲ့ပါသေးတယ်။ 

လက်ရှိမှာ ပေါင်းတည်မြို့နယ်ထဲကို  နတ်တလင်းမြို့နယ်ဘက်ကနေ စစ်သားအင်အား ၄၅ ဦးခန့် ဝင်ရောက်လာပြီး ထိတွေ့မှုတွေ ထပ်မံဖြစ်ပွားနိုင်တယ်လို့ PPDFအဖွဲ့ဝင်တဦးဆီက သိရပါတယ်။ 

ပုံစာ - PPDFတပ်ဖွဲ့ဝင်များ တိုက်ခိုက်နေမှုမြင်ကွင်း။

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #စစ်ကောင်စီ #သတင်း #တိုက်ခိုက် #PPDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10