ပေါင်းတည်မှာ စစ်ကောင်စီတပ် မိုင်းဆွဲခံရလို့ ထိခိုက်မှုရှိတယ်လို့ဆို
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့မှာ မေလ ၇ ရက်မနက် ၉ နာရီဝန်းကျင်က စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရတဲ့အတွက် ဒဏ်ရာရရှိသူတွေ ရှိခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PPDF ဆီက သိရပါတယ်။
ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ သစ်ပျောက်စမ်းရွာ၊ အရှေဘက်ကြို့ပင်တောင် အနီးမှာ အင်အား ၄၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာကို ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၄ နဲ့ တပ်ခွဲ ၅ တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"စစ်တပ်က ပေါင်းတည်နယ်၊ ပဲခူးရိုးအစပ်မှာ စစ်ကြောင်းထိုးနေတာ ကျနော်တို့က သူတို့လာမယ့်လမ်းမှ မိုင်း ၂ လုံး ကြိုထောင်ပြီးဆွဲတာမှာ စစ်သား ၆ ဦးလောက် ဒဏ်ရာရရှိသွားတယ်လို့ မြေပြင်အဖွဲ့တွေဆီက ပြန်သိရတယ်" လို့ ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းတာဝန်ခံက ပြောပါတယ်။
အဲဒီ(မေ ၇)နေ့မနက် ၃ နာရီလောက်ကလည်း PPDF တပ်ဖွဲ့ဝင်တွေဟာ ပဲခူးရိုးမအစပ်က သိမ်ကုန်း မိုင်တဲတာဝါတိုင်စောင့် စစ်သားတွေကိုလည်း လက်လုပ် ၄၀ မမ ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆက်ပြောပါတယ်။
အဲဒီ့မိုင်တဲတိုင်ကို ၃၆၀၁ - PPDF တပ်ရင်း တပ်ခွဲ ၂ တပ်ခွဲ ၄၊ တပ်ရင်း ၃၈၀၁ PDF တပ်ရင်းတို့ပေါင်းကာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မေလ ၅ ရက်မနက်အစောပိုင်းကတော့ အဲ့ဒီ စစ်ကောင်စီစစ်ကြောင်းဟာ ပေါင်းတည်မြို့နယ် ၃၆၀၁ PPDF တပ်ရင်း- တပ်ခွဲ ၅ ရဲ့ ရှေ့တန်းကင်းစခန်းတဲ ၅ လုံးကို မီးရှို့သွားခဲ့ပြီး၊ လက်ရှိမှာတော့ အဆိုပါစစ်ကြောင်းဟာ ပဲခူးရိုးမအစပ် တောထဲမှာပဲ တပ်ဖျောက်ထားတယ်လို့ ဆိုပါတယ်။
ပေါင်းတည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ဧပြီလ ၂၁ ရက်က ပဲခူးရိုးမ အစပ်ကနေ ပေါက်ခေါင်းမြို့ကိုပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဥ်တန်းကို ပေါင်းတည်မြို့နယ်၊ မရိုးကျွန်းနဲ့ ဒိုးနွယ်ရွာကြားမှာ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့ကြပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
Share
Share
Share