ပေါင်းတည်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းမိုင်းဆွဲခံရလို့ ၅ ဦးဒဏ်ရာရ

ပေါင်းတည်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းမိုင်းဆွဲခံရလို့ ၅ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရပြီး ထိမှန်ဒဏ်ရာရတဲ့သူတွေရှိတယ်လို့ Paungde People Defense Force PPDF Battalion - 3601 တပ်ဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာ ၂၂ ရက် ည ၉ နာရီလောက်မှာ ကျောက်ကြီးတောင်ဂိတ်စခန်းကနေ အင်အား ၅၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေကို ကာကွယ်ရေးအဖွဲ့တွေက ပေါင်းတည်မြို့နယ်  ကျောက်ကြီးတောင်အထွက် အောင်သုခဘုန်းကြီးကျောင်းအရှေ့ဘက်မှာ ၁ ကြိမ်၊ လူးကြီးကြောမှာ ၁ ကြိမ်၊ ညောင်နီပင် ရွာလမ်းခွမှာ ၁ ကြိမ်၊ သစ်ပုတ်ရွာလမ်းမကြီးပေါ်မှာ ၁ ကြိမ်၊ ၄ ကြိမ်တိုင်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၅ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီဘက်က အပေါ်တက်မှာကို ကြိုတင်သတင်းရထားလို့ မိုင်းကွင်းတွေခင်းပြီးကြားဖြတ်တိုက်ဖို့စောင့်နေခဲ့တာပါ၊ စစ် ***ဘက်က ၅ ဦးထိတယ်ဆိုတာက မျက်မြင်ရဲဘော်တွေက ထမ်းသယ်နေတာကိုတွေ့မြင်ခဲ့ရတာပါ ” လို့ ၃၆၀၁ PPDF တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မိုင်းဆွဲခဲ့တဲ့ နေရာ ၄ နေရာဟာ တနေရာနဲ့ တနေရာ ၂ ဖာလုံလောက်သာဝေးတယ်လို့ ဆိုပါတယ် ။ စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ပေါင်းတည်မြို့ပေါ်ကနေ ထွက်လာပြီး ကျေးရွာတွေထဲကို ချက်ချင်းမသွားဘဲ ကျောက်ကြီးတောင် ဂိတ်စခန်းမှာဝင်ရောက်နေထိုင်ခဲ့ပါသေးတယ်။

မိုင်းဆွဲခံရတဲ့ စစ်ကောင်စီတပ်သားတွေဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ် ခတ်ခဲ့ပါတယ်။ မိုင်းဆွဲခံရတဲ့အတွက် ချက်ချင်းဆက်မသွားနိုင်ဘဲ ည ၂ နာရီလောက်မှာတော့ လူနာတွေကိုထမ်းပြီး သစ်ပုတ်အထိုင်စခန်းထဲကို ဆက်သွားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း ပေါင်းတည်မြို့ပေါ်က စစ်ကောင်စီတပ်သားတွေဟာ မြို့ပေါ်နေပြည်သူတွေကို စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲတာမျိုးတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၅ ရက်ကလည်း သဲကုန်းမြို့နယ်၊ ပုတီးကုန်းဝင်းဘရားသားရပ်ကွက်က စစ်ထွက်အုပ်ချုပ်ရေးမှူး မင်းသွင်ဟာ ရပ်ကွက်အလှူခံမဏ္ဍပ်မှာ ပျူစောထီးတပ်သားတွေနဲ့အတူရှိနေချိန်  ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၅ က သွားရောက်ပစ်ခတ်ခဲ့လို့ ပေါင်နဲ့ဆီးစပ်ထိမှန်သွားပြီး ရွှေတောင်ကုတင် (၁၀၀) စစ်ဆေးရုံကိုပို့လိုက်ရတယ်လို့ ဆိုပါတယ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #စစ်ကောင်စီ #မိုင်းဆွဲ #ဒဏ်ရာရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10