ပေါင်းတည်မှာ စစ်တပ်က ကျောင်းထိုင်ဘုန်းကြီးနဲ့ ရွာသားတွေကိုဖမ်းပြီး နေအိမ်နဲ့စပါးတွေကို မီးရှို့

ပေါင်းတည်မှာ စစ်တပ်က ကျောင်းထိုင်ဘုန်းကြီးနဲ့ ရွာသားတွေကိုဖမ်းပြီး နေအိမ်နဲ့စပါးတွေကို မီးရှို့

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှာ စစ်တပ်က ဇူလိုင် ၁၅ ရက် ဒီမနက်မှာကျောင်းထိုင်ဘုန်းကြီးတပါးနဲ့ ရွာသား ၅ ဦးကိုဖမ်းကာ နေအိမ်တလုံးနဲ့စပါးတွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ပေါင်းတည်မြို့နယ်၊ လက်ပံခုံ(မြောက်)ရွာက အသက် ၇၀ နှစ်အရွယ်ခန့် ကျောင်းထိုင်ဘုန်းကြီးတပါးနဲ့ ရွာသား ၄ ဦးကို လူသားဒိုင်းအဖြစ်ဖမ်းခေါ်သွားကာ ဒီမနက် ၉ နာရီဝန်းကျင်က တောင်ခမောက်ရွာက နေအိမ်တလုံးနဲ့ စပါးတွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

"လူမရှိတဲ့အိမ်ကို ဖျက်ဝင်ပြီး အိမ်ထဲကပစ္စည်းတွေရယ် စပါးတွေကိုမီးရှို့တယ်၊ ကျန်တာဖျက်ဆီးတယ်။ ဆိုလာပြားတွေပါ ဖျက်ဆီးသွားတာ။ ရွာထဲကဝက်တကောင်ကိုလည်း ပေါက်ပြားနဲ့ထုသတ်ပြီး ထမ်းသွားတယ်" လို့ဒေသခံတဦးက ပြောပါတယ်။

အဲဒိီစစ်ကြောင်းဟာ ဇူလိုင်လ ၁၄ ရက် မနေ့က လက်ပံခုံရွာမှာ ညအိပ်ပြီးဒီနေ့မနက်မှာ  လူသားဒိုင်းအဖြစ်‌ခေါ်လာသူတွေနဲ့အတူ တောင်ခမောက်ရွာကိုရောက်ရှိလာတာလို့ ဆိုပါတယ်။

ဇူလိုင် ၁၃ ရက်ကလည်း သစ်ပျောက်စမ်းရွာဘုန်းကြီးနဲ့ ရွာသား ၄ ဦးကို ဖမ်းကာ လက်ပံခုံရွာရောက်မှပြန်လွှတ်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင်ပေါင်းတည်မြို့နယ်၊ လက်ပံခုံရွာနဲ့ အနီးဝန်းကျင်ရွာတွေက စျေးဆိုင်ပိုင်ရှင်တွေကိုလည်း ဖမ်းဆီးထားပြီး ငွေပေးရွေးခိုင်းနေတာမျိုးရှိသလို လက်ပံခုံရွာက ဆယ်တန်းကျောင်းသားတဦးနဲ့တောင်ခမောက်ရွာက လယ်ယာလုပ်သားတဦးကိုလည်း ဖမ်းဆီးတာမျိုးတွေရှိနေပြီး လူစားလဲခိုင်းတာမျိုးတွေ လုပ်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကြောင်းဝင်ရောက်လာလို့ ကြောက်လန့်ပုန်းရှောင်နေတဲ့ နေအိမ်တွေကိုလည်း ဖျက်ဆီးကာ နေအိမ်တွင်းက ပစ္စည်းတွေယူဆောင်ကြသလို သံဃာတော်တွေကိုပါ လူသားဒိုင်းပြုလုပ်နေလို့ကျောင်းထိုင်ဘုန်းကြီးအချို့ ကျောင်းကိုစွန့်ခွာတာမျိုးတာမျိုးတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

မီးရှို့အပြီး စစ်ကြောင်းဟာ လက်ပံခုံဘုန်းကြီးနဲ့ရွာသား ၄ ဦးအပြင်ထပ်မံဖမ်းဆီးခဲ့တဲ့ တောင်ခမောက်ရွာသား ၂ ဦးနဲ့အတူ မအူကွင်းရွာကို လူသားဒိုင်းတွေနဲ့ ရောက်ရှိတပ်စွဲနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လ ၁၅ ရက် မနက် ၃ နာရီကလည်းပေါင်းတည်မြို့နယ်၊ သိမ်ကုန်းအုပ်စုက အိမ်ခြေ ၁၆၀ ဝန်းကျင်ရှိတဲ့ လဲပင်ရွာက နေအိမ် ၁၆ လုံးကိုလည်း စစ်ကောင်စီတပ်ကမီးရှို့ခဲ့ကြလို့ လူဦးရေ ၄၅၀ ကျော်ဟာ ဒီနေ့တိုင်ရွာလုံးကျွတ် ထွက်ပြေးကြရတယ်လို့ သိရပါတယ်။

ပုံစာ - ပေါင်းတည်မြို့နယ်၊ တောင်ခမောက်ရွာကို မီးရှို့ဖျက်ဆီးမှုမြင်ကွင်း။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူးတိုင်း #ပေါင်းတည် #ပဲခူးရိုးမ #စစ်ကောင်စီ #မီးရှို့ #လူသားဒိုင်း #ဖမ်းဆီး #ဘာသာရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10