ပေါင်းတည်မှာ စစ်တပ်အထိုင်ချတဲ့ ရွာက ပျူစောထီးဆိုသူ ရှင်းလင်းခံရ

ပေါင်းတည်မှာ စစ်တပ်အထိုင်ချတဲ့ ရွာက ပျူစောထီးဆိုသူ ရှင်းလင်းခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှာ စစ်တပ်အထိုင်ချနေတဲ့ရွာက ပျူစောထီးသင်တန်းဆင်းလို့ သတင်းကြီးသူတဦးကို ဓားနဲ့ထိုးသတ်ခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PPDF က သတင်းထုတ်ပြန်ထားပါတယ်။

ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ သစ်ပုတ်ရွာက အသက် ၄၀ အရွယ် ကိုလှနိုင်ဖြစ်ပြီး ဒီဇင်ဘာ ၃ ရက် မနေ့ည ၁၁ နာရီလောက်က သစ်ပုတ်ရွာတောင်ဘက် ၁ ဖာလုံခန့်အကွာမှာ တပ်ရင်း ၃၆၀၁ (PPDF)ရဲ့ တပ်ခွဲ ၁ နဲ့ တပ်ခွဲ ၅ က ရဲဘော်တွေက ရှင်းလင်းခဲ့ကာ လက်ကိုင်ဖုန်းတလုံးကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

ကျေးရွာအနားတွင် စစ်ကောင်စီတပ်ရှိနေတဲ့အတွက် သေနတ်ကို အသုံးမပြုဘဲ ဓားနဲ့ရှင်းလင်းခဲ့တာဖြစ်တယ်လို့ PPDF ရဲ့ ဆက်သွယ်ရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

ကိုလှနိုင်ဟာ ရပ်ရွာအတွင်း နှစ်လုံး၊ သုံးလုံးဒိုင်တွေကနေ လိုင်းကြေးကောက်ခံတာ၊ အသားထုတ်ရောင်းချသူတွေဆီကနေ အသားတွေတောင်းကာ သစ်ပုတ်ရွာတာဝါတိုင်စောင့် စစ်သားတွေကို ရိက္ခာထောက်ပံ့တာတွေ ပြုလုပ်သူဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။ 

ဒါ့အပြင် ကျေးရွာအုပ်စုထဲက  ပြည်သူတွေကို စစ်တပ်နဲ့ ပေါင်းကာ ဖမ်းဆီးရိုက်နှက်စစ်ဆေးတာ မိန်းကလေးငယ်တွေကို PDF လို့ စွပ်စွဲပြီး လိင်ပိုင်းဆိုင်ရာစော်ကားဖို့ ကြံစည်တာတွေအပြင် သူ့ရဲ့သတင်းပေးမှုကြောင့် တိမ်းရှောင်နေကြရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်ကလည်း ပေါင်းတည်မြို့နယ် ပဲခူးရိုးမအစပ် ကြို့ကုန်းအုပ်စု ကြို့ကုန်းရွာ (တောင်ပေါ်ဒေသ)က စစ်ကောင်စီခန့်ရာအိမ်မှူး ကိုတင်မောင်ဝင်းကိုလည်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေနတ်နဲ့ ပစ်သတ်ရှင်းလင်းခဲ့ပါသေးတယ်။

ပုံစာ - သေဆုံးသူအလောင်းနှင့် သိမ်းဆည်းခဲ့သည့် ဖုန်း။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ပေါင်းတည် #ပျူစောထီး #သင်တန်းဆင်း #ပြည်သူကာကွယ်ရေးတပ်ဖွဲ့ #PPDF #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10