ပေါင်းတည်မှာ စစ်သားနဲ့ ရဲက ဆိုင်ကယ်ဖမ်းပြီး ငွေတောင်း

ပေါင်းတည်မှာ စစ်သားနဲ့ ရဲက ဆိုင်ကယ်ဖမ်းပြီး ငွေတောင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့မှာ စစ်တပ်နဲ့ ရဲက ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံရေး အကြောင်းပြကာ နေ့စဉ်ဆိုသလို ဆိုင်ကယ်တွေကိုဖမ်းဆီးပြီး ငွေတောင်းနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ဒီလိုဖမ်းဆီးငွေတောင်းနေတာမှာ ပေါင်းတည်မြို့က လမ်းသွယ်တွေပါမကျန် ဆိုင်ကယ်တွေကို လိုက်လံဖမ်ဆီးနေလို့ ဆိုင်ကယ်အသုံးပြုသူတွေ အခက်ကြုံနေရပါတယ်။


စစ်တပ်နဲ့ ရဲဟာ ဆိုင်ကယ်တွေကို တားဆီးပြီး ဆိုင်ကယ်တူးဘောက်တွေကိုစစ်တာ၊ လိုင်စင်စစ်တာ၊ ဆိုင်ကယ်ဦးထုပ် စစ်တာမျိုးတွေလုပ်သလို PDF တွေနဲ့ အဆက်အသွယ်ရှိလားဆိုတဲ့ မေးခွန်းတွေမေးပြီး အကြောင်းပြချက် မျိုးစုံနဲ့ ဖမ်းဆီးနေတာဖြစ်တယ်လို့ ပေါင်းတည်မြို့ခံတွေက ဆိုပါတယ်။

“အဖမ်းခံရတဲ့သူတွေကို ရဲစခန်း၊ ဒါမှမဟုတ် အုပ်ချူပ်ရေးမှူးအိမ်ကို ခေါ်တယ်။ ပြီးရင် တသိန်းတောင်းတယ်။ အဲဒါ တောင်းတောင်းပန်ပန်နဲ့ ၅၀၀၀၀ ပေးလိုက်ရတယ်။ တကယ်တမ်းက သေနတ်ကိုင်ပြီး ငွေတောင်းနေတာပဲ” လို့ ဆိုင်ကယ်ဦးထုပ်မရှိလို့ အဖမ်းခံခဲ့ရသူတဦးက ဆိုပါတယ်။

ဒီလိုဖမ်းဆီးနေရာမှာ တနေရာကို ၅ မိနစ်လောက်သာဖမ်းပြီး တမြို့လုံးလှည့်ပတ်နေတာဖြစ်တယ်လို့ မြို့ခံတွေက မြေလတ်အသံကို ပြောပါတယ်။

အလုပ်အသွားအပြန်အချိန်တွေမှာ ဖမ်းဆီးနေတဲ့အတွက် အလုပ်သမားတွေအနေနဲ့ စစ်သားနဲ့ ရဲတွေမရှိနိုင်တဲ့ လမ်းတွေကနေ ရှောင်တိမ်းသွားလာနေရတာကြောင့် အချိန်ကုန်၊ ဆီဖိုးကုန်ပြီး ဘယ်နေ့ဖမ်းခံရမလဲဆိုကာ ထိတ်လန့်စွာနဲ့ သွားလာနေရတယ်လို့ ပေါင်းတည်မြို့ခံတွေက ဆိုပါတယ်။

မြို့ပေါ်ရပ်ကွက်တခုက ရာအိမ်မှူးတဦးက "အရင်ကတော့ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအတွက် လုပ်တယ်ထင်ပြီး ကူညီလိုက်တာ၊ တဖြည်းဖြည်းနဲ့ လုပ်စားနေမှန်းသိတာနဲ့ မကူညီတော့ဘူး။ အဆိုးဆုံးက အလုပ်သွားပြန်နေကြတဲ့ ပန်းရံသမားတွေ၊ လက်သမားတွေ၊ ဈေးသည်တွေပါ ဖမ်းပြီး ငွေညစ်ခံနေရတဲ့အထဲပါလာလို့ မကြိုက်လို့ နောက်ဆုတ်နေလိုက်တာ“လို့ ပြောပါတယ်။

ပေါင်းတည်မြို့က စစ်အုပ်စုဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းကလည်း ဆိုင်ကယ်လိုင်စင်ဖမ်းဆီးတာအပြင် စက်ဘီးမှာ အချက်ပေးဘဲလ်မပါတာနဲ့ ရောင်ပြန် မီးမပါတာတွေကိုပါဖမ်းဆီးပြီး စက်ဘီး ၁ စီးကို ငွေကျပ် ၃ ထောင် တောင်းယူတာတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။

ပုံစာ - ၂၀၂၂ ခုနှစ်တွင် ပေါင်းတည်မြို့၌ ဆိုင်ကယ် လိုင်စင်ဖမ်းနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံဟောင်း)

စာတည်း-လင်းဇေ
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10