ပေါင်းတည်မှာ နေအိမ်အတွင်း ဝင်လုယက်ပြီး အိမ်ရှင်ကိုသတ်သွား

ပေါင်းတည်မှာ နေအိမ်အတွင်း ဝင်လုယက်ပြီး အိမ်ရှင်ကိုသတ်သွား

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်မှာ ဧပြီလ ၃ ရက်မနေ့ည ၁၀ နာရီလောက်က နေအိမ်တအိမ်အတွင်း ဝင်ရောက်လုယက်မှုဖြစ်ခဲ့ပြီး အိမ်ရှင်အမျိုးသမီးကိုပါ သတ်သွားတယ်လို့ ကျေးရွာသားတဦးဆီက သိရပါတယ်။

ဘုရားငါးဆူအုပ်စု၊ ဘုရားငါးဆူရွာ၊ ခရေပင်လမ်းခွဲက အသက် ၅၀ နှစ်အရွယ် ဒေါ်မြင့်မော်နေအိမ်ကို ဝင်ရောက်လုယက်ကာ ဓါးနဲ့ထိုးသတ်တာလို့ ဆိုပါတယ်။


"ဒေါ်မြင့်မော်က ပိုက်ဆံချမ်းသာတဲ့အပျိုကြီး၊ တယောက်တည်းနေတာကိုဝင်လုတာ၊ သူ့အိမ်ဘေးက ကောင်လေးက အသံတွေကြားလို့ သူ့မောင် ကိုနှင်းဦးဆီသွားပြောပြီးတံခါးဖွင့်ကြည်တော့ သွေးအိုင်ထဲမှာလဲပြီး အော်နေတာတွေလို့ ဆေးရုံသွားရင်း လမ်းမှာဆုံးတာ၊ ပစ္စည်းမပေးလို့သတ်သွားတာဖြစ်ဖို့များတယ်"လို့ ကျေးရွာသားတဦးကပြောပါတယ်။

ဒီအမူနဲ့ပတ်သက်ပြီး ဒေါ်မြင့်မော်ရဲ့မောင် ကိုနှင်းဦးရဲ့ဆန်စက်လုပ်သားတွေကို ပေါင်းတည်ရဲက ညတွင်းချင်းပဲ ခေါ်ယူစစ်ဆေးနေတယ်လို့ ဆက်ပြောပါတယ်။

စစ်ကောင်စီလက်ထက်မှာ ပေါင်းတည်မြို့နယ်အတွင်း လောင်းကစားဝိုင်းတွေကို နေ့စဥ်ဆိုသလို ကျင်းပနေတဲ့အကျိုးဆက်ကြောင့် အခုလိုလုယက်မှုတွေ ဖြစ်ပွားနေတာဖြစ်ပြီး၊ ရာဇဝတ်မှုတွေ ဆက်ဖြစ်လာနိုင်သေးတယ်လို့လည်း မြို့ခံတဦးက သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့နှစ်အောက်တိုဘာလ ၂၈ ရက်နေ့လယ်ကလည်း ပေါင်းတည်မြို့နယ်၊ နွားခြံကုန်းကျေးရွာက ကိုဝေဖြိုးအောင်နဲ့ ကိုသန်းဇော်တို့ ၂ ဦးကိုလည်း လူတစုက ဆွဲကြိုးနဲ့လက်စွပ်လုကာ သေနတ်နဲ့ပစ်သတ်သွားခဲ့ပြီး၊ သူတို့တွေကိုတော့ ပေါင်းတည်ရဲက ဒီနေ့တိုင်ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။

 စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10