ပေါင်းတည်မှာ ရဲတပ်သားတဦးနဲ့ မိခင်အပါ ပြည်သူတချို့ကို စစ်တပ်က ဖမ်းဆီး

ပေါင်းတည်မှာ ရဲတပ်သားတဦးနဲ့ မိခင်အပါ ပြည်သူတချို့ကို စစ်တပ်က ဖမ်းဆီး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီက ရဲတပ်သားတဦးနဲ့ မိခင်အပါအဝင် ဒေသခံပြည်သူတချို့ကို ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။ 

အဖမ်းခံရသူမှာ ပေါင်းတည်မြို့မရဲစခန်းက အသက် ၂၅ နှစ်အရွယ် ရဲတပ်သား အာကာဖြိုးဖြစ်ပြီး ဘွဲ့ပင်ကန်ရပ်ကွက် မှတ်တိုင်လမ်းမှာနေတဲ့ မိခင်ဖြစ်သူနဲ့အတူ ဇန်နဝါရီ ၁၄ ရက်က ဖမ်းဆီးခံရတာလို့ ပြောပါတယ်။

ဆက်တိုက်ဆိုသလို ဇန်နဝါရီ ၁၄  ရက်နဲ့ ၁၅ ရက်တွေမှာလည်း ပေါင်းတည်မြို့ပေါ်က အသက် ၃၇ နှစ်အရွယ် ကိုအောင်ကြီး(ကွမ်းယာဆိုင်)၊ အသက် ၅၅ နှစ်အရွယ် ဒေါ်အေးဆွေ(စားသောက်ဆိုင်)နဲ့ မောင်ဖြစ်သူ အသက် ၄၀ ဝန်းကျင် ကိုကျော်မျိုးအောင်(ဒေါ်အေးဆွေရဲ့မောင်)၊ မြို့တွင်းရွာက အသက် ၅၅ နှစ်အရွယ် ဒေါ်အေးစန်းနဲ့ ဝက်မြေလူးရွာက အသက် ၆၀  ကိုအောင်မြင့်တို့လည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

“ကြားတဲ့ သတင်းက အာကာဖြိုးကိုမဖမ်းခင် သူ့အမေဆီကို ရဲနဲ့ စစ်သားတွေက သွားပြီး သူ့အဖေရဲ့ ဖုန်းနံပတ် တောင်းတာမှာ သူ့အမေက သား(ရဲ)ဆီမှာရှိတယ်လို့ ပြောလိုက်လို့ ဒကစ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) တပ်ဖွဲ့ဝင်တွေက  ရဲစခန်းကနေဖမ်းသွားတာ“ လို့ ဘွဲ့ပင်ကန်ရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။ 

ဖမ်းဆီးခံရတဲ့ ရဲတပ်သားရဲ့ မိခင်နဲ့ ဖခင်ဟာ အိမ်ထောင်ရေးအဆင်မပြေလည်လို့ ကွဲကွာနေတာဖြစ်ပြီး  ရဲတပ်သားနဲ့ မိခင်ဖြစ်သူကို ဘာကြောင့်ဖမ်းတယ်ဆိုတာတော့ တိတိကျကျ မသိရပေမယ့် ဖခင်ဖြစ်သူကို PDF ဆိုတဲ့စွပ်စွဲချက်နဲ့ သားနဲ့ ဇနီးသည်ကို ဖမ်းဆီးသွားတာဖြစ်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ 

အခုဖမ်းဆီးမှုတွေဟာ ဇန်နဝါရီ ၁၃ ရက်က ပေါင်းတည်မြို့နယ် မြောက်ကုန်းကြီးအုပ်စုအရှေ့ဘက် လယ်ကွင်းထဲမှာ အသက် ၃၅ နှစ်အရွယ် ကိုနေအောင်ကို စစ်ကောင်စီတပ်ဖွဲ့က ကျည်ဆံအချို့နဲ့ ဖမ်းမိအပြီးမှာ ဖြစ်ခဲ့တာပါ။ 

အလားတူ စစ်အုပ်စုဟာ ဇန်နဝါရီ ၁၆  ရက် မနေ့ကလည်း ပေါင်းတည်မြို့နယ်ထဲက ဝက်မြေလူးရွာနဲ့ တောင်ကုန်းရွာကိုလည်း ဆက်လက်ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဖမ်းဆီးခံရခြင်းရှိမရှိတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆  ရက်ကလည်း ပေါင်းတည်မြို့ပေါ်က ငွေလွှဲလုပ်ငန်းလုပ်ကိုင်တဲ့ ဒေါ်လှလှဝင်းကို စစ်ကောင်စီကဖမ်းဆီးပြီး သူနေထိုင်တဲ့ နေအိမ်ကိုလည်း ချိတ်ပိတ်ခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ပေါင်းတည်မြို့ #စစ်ကောင်စီ #ရဲတပ်သား #မိခင် #ပြည်သူ #PDF #ဖမ်းဆီး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10