ပေါင်းတည်မှာ လမ်းသွားလူငယ်တွေကို စစ်မှုထမ်းဖို့ စစ်တပ်က ဆက်တိုက်ဖမ်းဆီးနေ

ပေါင်းတည်မှာ လမ်းသွားလူငယ်တွေကို စစ်မှုထမ်းဖို့ စစ်တပ်က ဆက်တိုက်ဖမ်းဆီးနေ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင်းရှိကျေးရွာတွေမှာ စစ်မှုထမ်းရန်ဟုဆိုကာ လူငယ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သရက်ချဥ်၊ တောင်ဘိုလှ၊ ထန်းတော စတဲ့ကျေးရွာတွေကို နိုဝင်ဘာ ၉ ရက်က စတင်ကာ စစ်အုပ်စုက ကျေးရွာတွင်းက လမ်းမတွေပေါ်မှာစောင့်ပြီး စစ်ဆေးမှုလုပ်ဆောင်ကာ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်အတွင်း အမျိုးသားတွေကို ဖမ်းဆီးနေတာ့ ဒေသခံတွေထံက သိရပါတယ်။

" မနေ့ကတင် (နိုဝင်ဘာ ၁၀) သရက်ချဥ်က ၇ ယောက်၊ ထန်းတောရွာက ၃ ယောက် ဖမ်းသွားတယ်။ ရွာထဲကို ကင်းလှည့်သလို၊ ဘာလိုနဲ့ စောင့်စစ်တယ်။ သူတို့ဘောင်ဝင်တဲ့သူတွေဆို ခေါ်ခေါ်သွားတာ" လို့ ပေါက်အိုင်ကြီး ကျေးရွာသားတဦးက ပြောပါတယ်။

အင်းမ တပ်မ ၆၆ က စစ်သားတွေက စစ်ကားနဲ့ လှည့်လည်ဖမ်းဆီးနေတာဖြစ်ပြီး ယနေ့ နိုဝင်ဘာ ၁၁ ရက်မှာတော့ ပေါင်းတည်မြို့နယ်က ပေါက်အိုင်ကြီးကျေးရွာတွင်းကို ရောက်ရှိနေကာ လမ်းမပေါ်မှာစောင့်ပြီး စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့လည်း အဆိုပါဒေခံကထံက  သိရပါတယ်။

ပေါင်းတည်မြို့၊ မင်းကွက် ၁ ရပ်ကွက်မှာလည်း နိုဝင်ဘာ ၁၁ ရက် ဒီနေ့မနက် ၁၀ နာရီကျော်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရပ်ကွက်အတွင်းရှိ လူငယ်တွေကို ဖမ်းဆီးနေတာကြောင့် လူယ်တွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ 

“ညကျရင် ပြန်လာခဲ့မယ်၊ အိပ်ဝံ့ အိပ်ကြည့်ကြလို့ပြောပြီး ပြန်သွားတယ်။” လို့ ပေါင်းတည်မြို့ခံတဦးက ပြောပါတယ်။ 

စစ်မှုထမ်းဥပဒေထွက်ပြီး မဲစနစ်နဲ့ စစ်မှုထမ်းရမဲ့လူငယ်တွေဟာ ကျေးရွာတွေမှာ မရှိတော့လို့ အခုလိုဖမ်းဆီးနေကြတာလို့လည်း သိရပါတယ်။ 

"အစဦးကတာ့ လမ်းမှာစောင့်တယ်၊ ဆိုင်ကယ်တွေ ဘာတွေပဲစစ်တာ။ အခုတော့ သူတို့ဘောင်ဝင်တဲ့သူတွေကို ဖမ်းခေါ်သွားတာပဲ။ အရေအတွက်အတိအကျကတော့ မသိရသေးဘူး" လို့လည်း ပေါက်အိုင်ကြီးကျေးရွာ ဒေသခံတဦးက ဆိုပါတယ်။

အခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာတွေက လူငယ်တွေကို လိုက်လံဖမ်းဆီးတာ၊ အတင်းအဓမ္မ စစ်သားစုဆောင်းတာတွေလုပ်နေတာကြောင့် ကျေးရွာရှိလူငယ်တွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်တဲ့ သတင်းကြားတာနဲ့ တိမ်းရှောင်နေကြကြောင်း၊ တချို့မှာလည်း မြို့ပေါ်သို့ပြောင်းရွှေ့ကာ ရှောင်တိမ်းနေကြကြောင်း ဒေသခံတွေက ဆိုပါတယ်။ 

မဲပေါက်တဲ့သူတွေကို အင်းမ တပ်မ ၆၆ ကို ပို့ဆောင်တာတွေရှိခဲ့ပြီး အခုလိုက်ဖမ်းတာတွေကိုတော့ အင်းမ ၆၆ တပ်ထဲကိုပဲ ခေါ်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ နိုဝင်ဘာ ၈ ရက်ကလည်း ပေါင်းတည်မြို့အထွက်၊ ရန်ကုန်-ပြည်ကားလမ်းပေါ်မှာ ဂိတ်ချပြီး လူငယ် ၃၀ ဦးခန့်လောက်ကို စစ်အုပ်စုက ဖမ်းဆီးခဲ့တယ် သိရပါသေးတယ်။

ပုံစာ - ပေါင်းတည် ဆန္ဒပြပွဲတခုအား ဖြိုခွင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံဟောင်း)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ပေါင်းတည် #စစ်မှုထမ်း #စစ်ကောင်စီ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10