ပေါင်းတည်မှာ လေပြင်းတိုက်လို့ နေအိမ် ၁ လုံးပြိုကျပြီး ၁၀ လုံးထက်မနည်း ပျက်စီး

ပေါင်းတည်မှာ လေပြင်းတိုက်လို့ နေအိမ် ၁ လုံးပြိုကျပြီး ၁၀ လုံးထက်မနည်း ပျက်စီး

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှာ လေပြင်းတိုက်ခတ်တဲ့အတွက် လူနေအိမ် ၁ လုံးပြိုကျကာ ၁၀ လုံးထက်မနည်း ပျက်စီးသွားတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ဇူလိုင် ၂၆ ရက် မနေ့ ညနေ ၃ နာရီခွဲကျော်မှာ ရုတ်တရက်လေပြင်းတိုက်တဲ့အတွက် ပေါင်းတည်မြို့နယ်၊ ကြာနီကန်ကျေးရွာအုပ်စု၊ ရှားပေါင်နဲ့ ကြို့ပင်အိုင်ရွာကနေအိမ်တွေ ပျက်စီးခဲ့တာလို့ ဆိုပါတယ်။

“မိုးဖွဲဖွဲ ရွာနေတုန်း လေက မိနစ်ပိုင်းပဲတိုက်သွားတာ။ ကြို့ပင်အိုင်က အိမ်ကြီး ၁ အိမ်ကတော့ လဲသွားတယ်။  တချို့အိမ်တွေဆို အမိုးအကာတွေပါ ပြုတ်ပါသွားတာ။ သွပ်တွေဆို မုန့်ကြိုးလိမ်လိုပဲ။ လေဆင်နှာမောင်းဖြစ်ဖို့များတယ်” လို့  ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် လေပြင်းတိုက်တဲ့အတွက် ဆိုလာပြားတွေ၊ စလောင်းတွေနဲ့ နေအိမ်ကိုသွယ်တန်းထားတဲ့ လျှပ်စစ်မီးကြိုးတွေလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ကြာနီကန်ကျေးရွာအုပ်စုတောင်ဘက်ရှိ မဲခေါင်းကျေးရွာအုပ်စုမှာ နေထိုင်သူတဦးကလည်း အဲ့ဒီလေက သူတို့ရွာပေါ်ကနေဖြတ်သွားတာကို မြင်လိုက်ရတယ်လို့ ဆိုပါတယ်။

“လေက လွန်သွားလို မဲမဲလုံးအတန်းကြီးနဲ့  ကြာနီကန်ရွာဘက်ကို ပြေးသွားတာ” လို့ ပြောပါတယ်။

ဇူလိုင် ၂၇ ရက် ဒီနေ့မှာလည်း ကြာနီကန်အုပ်စု၊ ရှားပေါင်ရွာနဲ့ ကြို့ပင်အိုင်ရွာတဝိုက်မှာ မိုးရွာသွန်းနေပြီး လျှပ်စစ်ကြိုးတွေပါ ပြတ်တောက်သွားပြီး လက်ရှိအချိန်ထိ လျှပ်စစ်မီးပြန်မရသေးဘူးလို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ မေ ၉ ရက်ညကလည်း ပေါင်းတည်မြို့နယ်၊ ဝဲကြီးဆည်ဖျားရှိ  ကြို့ကုန်း‌ ‌(တောင်ပေါ်)အုပ်စု၊ ကြို့ကုန်းရွာမှာ လေပြင်းတိုက်ခဲ့လို့ နေအိမ် ၆ လုံးပြိုကျကာ နေအိမ် ၁၅ လုံး အမိုးလန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ 

ပုံစာ - ပျက်စီးသွားသည့်နေအိမ်များ။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #လေပြင်းတိုက် #နေအိမ်ပျက်စီး #သဘာဝဘေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10