ပေါင်းတည်အကျဥ်းထောင်ကနေ နိုင်ငံရေးအကျဥ်းသား ၃ ဦးသာ ပြန်လွတ်
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်အကျဥ်းထောင်ကနေ မေလ ၃ ရက် ဒီနေ့မနက်မှာ စစ်ကောင်စီက နိုင်ငံရေးအကျဥ်းသား ၃ ဦးသာ ပြန်လွတ်ပေးခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
ပေါင်းတည်အကျဥ်းထောင် အထူးတရားရုံးမှာ နတ်တလင်းမြို့နယ် တရားသူကြီးက ပုဒ်မ ၅၀၅ - ကနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရတဲ့ ဒေါ်သီတာအောင်၊ ကိုမြခိုင်နဲ့ ကိုအောင်စန်းလင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။
"သူတို့က ထောင်ထဲမှာ ၂ နှစ်ကျော်နေခဲ့ရပြီး လွတ်ရက်စေ့ဖို့ လအနည်းငယ်လောက်ပဲ လိုတော့တာ။ အခုပြန်မလွတ်လည်း မကြာခင်လွတ်မယ့် သူတွေပါ။ မြင်ရတာတော့ အားလုံးကျန်းမာရေး ကောင်းတဲ့ပုံစံတွေပါ" လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဒေါ်သီတာအောင်ဟာ အခုနှစ် စက်တင်ဘာလမှာ လွတ်ရက်စေ့မှာဖြစ်ပြီး၊ ကိုမြခိုင်နဲ့ ကိုအောင်ဆန်းလင်းကတော့ လာမယ့်ဇူလိူင်လမှာ လွတ်ရက်စေ့မှာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
စစ်ကောင်စီက နိုင်ငံတဝန်းရှိ အကျဥ်းထောင်တွေထဲက ပုဒ်မ ၅၀၅ - ကနဲ့ အမိန့်ချထားသူ အကျဥ်းသား/ သူ ၂၁၅၃ ဦးကို ရာဇသတ်ကြီး ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁) (နောက်တကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိတဲ့ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်) နဲ့ လွတ်ပေးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ပေါင်းတည်အကျဥ်းထောင်အတွင်း နွေဦးတော်လှန်ရေးမှာ ပါဝင်မှုနဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရသူ နိုင်ငံရေးအကျဥ်းသူ/သား ၁၂၅ ဦးခန့် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
Share
Share
Share