ပေါင်းတည် NLD မြို့နယ်အလုပ်မှုဆောင်တဦး ဖမ်းဆီးခံရပြီး ၁ ပတ်ကျော်အကြာမှာ သေဆုံး

ပေါင်းတည် NLD မြို့နယ်အလုပ်မှုဆောင်တဦး ဖမ်းဆီးခံရပြီး ၁ ပတ်ကျော်အကြာမှာ သေဆုံး

သူ့ရဲ့ရုပ်အလောင်းကို ပြည်မြို့ကုတင် ၁၀၀ ‌ဆေးရုံမှာထားရှိပြီး မေလ ၄ ရက် မနေ့မှာ မိသားစုမပါဘဲ စစ်ကောင်စီက သဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

ပေါင်းတည်မြို့နယ်၊ မန်ကျည်းကုန်းအုပ်စု၊ အင်းကြီးကျေးရွာက အသက် ၄၈ နှစ်အရွယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ပေါင်းတည်းမြို့နယ် အလုပ်အမှုဆောင် ကိုမြင့်ထွန်းကို ဧပြီလ ၂၄ ရက်မှာ စစ်အုပ်စုက နေအိမ်မှာဖမ်းဆီးပြီး၊ ပေါင်းတည်မြို့နယ်၊ မှတ်တိုင်ရဲစခန်းမှာ စစ်ဆေးနေတာ ဖြစ်တယ်လို့ ဒေသခံတွေကသိထားကြပါတယ်။


ဒါပေမဲ့ သေဆုံးချိန်မှာတော့ ကိုမြင့်ထွန်းဟာ ပြည်မြို့ကုတင် ၁၀၀ ဆေးရုံကို ရောက်ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

"ကိုမြင့်ထွန်းသေဆုံးတဲ့သတင်းက မေလ ၂ ရက်ကတည်းက ပေါင်းတည်မြို့ထဲမှာ ပျံ့နေပြီ၊ မိသားစုက မသိဘူး။ မနေ့(ဧပြီလ ၃ ရက်)ကမှ သူ့မိသားစုကတဆင့် စကားကြားပြီး လိုက်စုံစမ်းမှ အလောင်းက ပြည်မြို့ကုတင် ၁၀၀ ဆေးရုံမှာ ရှိနေတယ်ဆိုတာသိရတာ။ သင်္ဂြိုလ်တဲ့အခါမှာလည်း မိသားစုဝင် ၂ ဦးပဲလာဖို့ စစ်အုပ်စုဘက်ကပြောလို့ မိသားစုက သင်္ဂြိုလ်တာကိုမသွားဘူး“လို့ ဒေသခံတဦးက ပြောပါတယ်။

ကိုမြင့်ထွန်းကို စစ်ကောင်စီကဖမ်းဆီးသွားတဲ့ညမှာ သူရဲ့လူမှုကွန်ရက်စာမျက်နှာအကောင့်ကနေ သူငယ်ချင်းတချို့ဆီကို မက်ဆင်ဂျာမှတဆင့် စာပို့နုတ်ဆက်တာတွေရှိခဲ့သလို နောက်တနေ့ဧပြီလ ၂၅ ရက် ညနေအထိ အဲဒီအကောင့်ကို အသုံးပြုနေတာတွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်အုပ်စုကိုထောက်ခံတဲ့အသိုင်းအဝန်း (ရဲသတင်းပေး)တွေကတော့ ကိုမြင့်ထွန်းဟာ ဝဲကြီးဆည်ဝန်းကျင်မှာ လျို့ဝှက်ထားတဲ့လက်နက်ပစ္စည်းတွေကို လိုက်လံပြသချိန် ထွက်ပြေးခဲ့တဲ့အတွက် စစ်တပ်ကသေနတ်နဲ့ ၃ ချက် ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

ဒါပေမဲ့ အဲဒီအနီးဝန်းကျင်ကျေးရွာနေသူတွေကတော့ မေလ ၂ ရက်မှာ မည်သည့် သေနတ်သံမှ မကြားရဘူးလို့ ဆိုပါတယ်။

စစ်အုပ်စုဘက်ကတော့ ကိုမြင့်ထွန်းသေဆုံးတာနဲ့ပတ်သက်ပြီး အခုချိန်အထိ သတင်းထုတ်ပြန်တာမျိူး မရှိသေးပါဘူး။

ကိုမြင့်ထွန်း မှတ်တိုင်ရဲစခန်းထဲရှိနေချိန် ဧပြီလ ၂၅ ရက်ဝန်းကျင်က သူမိသားစုဝင်တဦးနဲ့ ၁ ကြိမ်တွေ့ဆုံခွင့်ရခဲ့ပြီး၊ အဲ့ဒီနောက် သေဆုံးသည်အထိ အဆက်အသွယ်မရခဲ့သလို ပြည်မြို့ကကုတင် ၁၀၀ ဆေးရုံကို ဘယ်လိုရောက်ရှိသွားတယ်ဆိုတာကိုလည်း မိသားစုက မသိရဘူးလို့ မြို့ခံတဦးက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပေါင်းတည်မြို့နယ်အလုပ်မှုဆောင် ကိုမြင့်ထွန်းဟာ စစ်အာဏာသိမ်းအပြီး ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့ပေမယ့် လက်နက်ကိုင်တော်လှန်ရေးပြုလုပ်ချိန်မှာတော့ ပါဝင်မှုမရှိဘူးလို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးဆီက သိရပါတယ်။

သေဆုံးတဲ့ရက်ကို အတိအကျမသိရတဲ့အတွက် မေလ ၅ ရက် ဒီနေ့မနက်မှာ မိသားစုက ကိုမြင့်ထွန်းအတွက် ရပ်ရွာဓလေ့အရ မြေဆင်းသပိတ်သွတ်ပေးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားသူ ကိုမြင့်ထွန်းဟာ အိမ်ထောင်မရှိသူဖြစ်ပြီး အသက် ၈၀ ကျော်အရွယ် မိဘ ၂ နှစ်ဦးကို ရှာဖွေကျွေးမွေးနေသူလည်း ဖြစ်ပါတယ်။

စာတည်း - လင်းဇေ
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10