ပေါ်တာဆွဲဖမ်းဆီးသွားတဲ့ ပြည်သူ ၆ ဦးထဲမှ ၄ ဦးကိုသာ စစ်တပ်ကပြန်လွှတ်ပေး

ပေါ်တာဆွဲဖမ်းဆီးသွားတဲ့ ပြည်သူ ၆ ဦးထဲမှ ၄ ဦးကိုသာ စစ်တပ်ကပြန်လွှတ်ပေး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောရွာက ဓားစားခံအဖြစ် ပေါ်တာဆွဲဖမ်းဆီးသွားတဲ့ ပြည်သူ ၆ ဦးထဲမှ ၄ ဦးကိုသာ စစ်ကောင်စီတပ်က ပြန်လွှတ်ပေးခဲ့တယ်လို့ လှတောဒေခံတွေဆီက သိရပါတယ်။

လှတောရွာက ကိုငနက်၊ ကိုဖိုးအောင်၊ ကိုဇော်မင်းထက်၊ ကိုဖိုးနီတိုးတို့ကို စက်တင်ဘာ ၁၄ ရက်မှာ စစ်ကောင်စီတပ်က ပြန်လွှတ်ပေးခဲ့ပြီး သူတို့နဲ့ တရက်တည်း အဖမ်းခံရတဲ့ ရေထွက်ရွာသား ၂ ဦးကိုတော့ ပြန်လွှတ်ပေးခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ သူတို့ ၄ ဦးဟာ ၁၆ ရက်ကြာဖမ်းဆီးခံရပြီးမှ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

“ကျနော်တို့ကို သူတို့အထုပ်တွေ သယ်ခိုင်းတယ်။ ထမင်းတွေချက်ခိုင်းတယ်။ တခါတလေ ဆဲဆိုတာမျိုးတွေရှိတယ်။ သူတို့ထမ်းခိုင်းတဲ့ အထုပ်တွေက လက်နက်ကြီးကျည်တွေလား ဘာတွေလဲတော့မသိဘူး တော်တော်လေးတယ်။ အဖမ်းခံရတုန်းက သူတို့သိမ်းလိုက်တဲ့ ကျနော်တို့ ဖုန်းတွေကိုတော့ ပြန်မပေးခဲ့ဘူး” လို့ ပြန်လည်လွတ်မြောက်လာသူ တဦးက ပြောပါတယ်။

သူတို့နဲ့အတူအဖမ်းခံရတဲ့ ရေထွက်ရွာသား ၂ ဦးမှာတော့ စကားပြောစက်တွေ တွေ့ရှိထားတဲ့အတွက် ပြန်လွှတ်ဖို့က မသေချာသေးဘူးလို့လည်း သူကဆက်ပြောပါတယ်။

“ သူတို့ဆီကနေ စက်တွေတွေ့တော့ ပြန်လွှတ်ပေးဖို့က ကြာဦးမယ်ထင်တယ်။ ကျနော်တို့ဆီက သူတို့ဘာမှမတွေ့တော့ စောစောပြန်လွှတ်ပေးလိုက်တာ။ အခုသူတို့(စစ်ကောင်စီ)ဆီမှာ ဓားစားခံအဖြစ် ဖမ်းခေါ်ထားတဲ့ လူ ၇ ယောက်လောက် ကျန်နေသေးတယ်” လို ဆိုပါတယ်။

လွတ်မြောက်လာသူ ၄ ဦးဟာ  ပြီးခဲ့တဲ့ သြဂုတ် ၃၀ ရက် မနက် ၅ နာရီလောက်မှာ  စစ်ကောင်စီတပ်က လှတောရွာထဲကို ရုတ်တရက်ဝင်ရောက်လာခဲ့တဲ့အတွက် ထွက်ပြေးချိန်မရလိုက်ဘဲ ဓားစားခံအဖြစ် ဖမ်းဆီးခံလိုက်ရတာပဲ ဖြစ်ပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ သြဂုတ် ၂၉ ရက်ကလည်း လှတောရွာ ရွှေမှုံတောဘုရားဝန်းမှာ တပ်စွဲထားပြီး သူတို့ရဲ့အခြေနေကို စုံစမ်းဖို့သွားတဲ့ ပကဖအဖွဲ့ဝင် ၃၃ နှစ်အရွယ် ကိုအောင်နိုင်ဝင်းနဲ့ ၂၉ အရွယ် ကိုဦးတို့ကို ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေက ပစ်ခတ်ခဲ့တာကြောင့် ကိုဦး ကပွဲချင်းပြီး သေဆုံးခဲ့ကာ ကိုအောင်နိုင်ဝင်းကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ဓားစားခံ #ပေါ်တာ #စစ်ကိုင်းတိုင်း #ဝက်လက်မြို့နယ် #လှတောရွာ #စစ်ကောင်စီ #ပြည်သူလူထု #အဓမ္မခိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10