ပဲခူးတိုင်းက မြို့နယ် ၄ ခုမှာ တရက်တည်းမီးလောင်မှုဖြစ်ပြီး နေအိမ် ၇ လုံးပျက်စီး

ပဲခူးတိုင်းက မြို့နယ် ၄ ခုမှာ တရက်တည်းမီးလောင်မှုဖြစ်ပြီး နေအိမ် ၇ လုံးပျက်စီး

ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ် ၄ ခုမှာ တရက်တည်း မီးလောင်မှု ၄ ကြိမ်ဖြစ်ပြီး နေအိမ် ၇ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ် ၂၄ ရက်က ပြည်၊ ပေါင်းတည်၊ မိုးညိုနဲ့ အုတ်ဖိုမြို့နယ်တို့မှာ မီးလောင်မှုတွေ ဖြစ်ခဲ့တာပါ။ 

ပြည်မြို့နယ်၊ ပေါင်းတလည်အုပ်စု၊ ခွေးရဲရွာမှာ ည ၉ နာရီလောက်က နေအိမ် ၃ လုံး၊ ပေါင်းတည်မြို့နယ်၊ ဘိုးသာအောင်ကုန်းအုပ်စု၊ ညောင်ပင်ကုန်းရွာမှာ မနက် ၁၁ နာရီခွဲလောက်က နေအိမ် ၁ လုံး၊ မိုးညိုမြို့နယ်၊ သရက်တပင်ရွာမှာ နေအိမ် ၂ လုံးနဲ့ အုတ်ဖိုမြို့နယ်၊ ဇီးဖြူကုန်းရွာမှာ မနက် ၁ နာရီဝန်းကျင်မှာ နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့တာပါ။ 

“မီးလောင်မှု အားလုံးကို လေ့လာကြည်တော့ အားလုံးဟာ ပေါ့ဆမီးကြောင့်ဆိုတာ တွေ့ရတယ်။  ဒါတောင် ခုခေတ်က ဆက်သွယ်ရေးကောင်းနေလို့ မြန်မြန်ဆန်ဆန် ငြှိမ်းသတ်နိုင်တာ” လို့ ပေါင်းတည်မြို့က အရန်မီးသတ်တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ပေါင်းတည် မီးလောင်မှုဟာ လူမရှိဘဲ ထင်းမီးနဲ့ ရေနွေးကြိုရာက ဖြစ်ပြီး၊ အုတ်ဖိုမီးလောင်မှုမှာ မီးကြွင်းမီးကျန်က စလောင်တာဖြစ်သလို မိုးညိုမြို့နယ်၊ မီးလောင်မှုဟာလည်း နွားခြံတွင်း ခြင်မကိုက်ဖို့ထွန်းထားတဲ့ မီးဖို မီးကြွင်းမီးကျန်က ကူးဆက်လောင်ကျွမ်းတာလို့  သူက ဆက်ပြောပါတယ်။ 

မီးလောင်မှု ၄ ကြိမ်အတွင်း လူထိခိုက်တာမျိုးတော့ မရှိဘူး ဆိုပါတယ်။ 

အလားတူ မနေ့က မွန်းလွဲ ၂ နာရီလောက်မှာလည်း ပန်းတောင်းမြို့နယ်၊ ကျီးတောအုပ်စု၊ ကျီးတောရွာ အနီးမှာ တောမီးလောင်မှုဖြစ်ခဲ့ပြီး လျော်ဖြူစိုက်ခင်းအချို့ ပျက်စီးခဲ့ပါသေးတယ်။

ပုံစာ - မီးလောင်ခဲ့သည့် နေအိမ်များ။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပြည် #ပေါင်းတည် #အုတ်ဖို #မိုးညို #မီးလောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10