ပဲခူးတိုင်းအစိုးရရုံးကို ရှော့တိုက်ဒုံးနဲ့ ပစ်မယ်လို့သတင်းကြားတဲ့အတွက် ဝန်ထမ်းတွေကို လစာမပေးဘဲ နေအိမ်တွေကိုပြန်လွှတ်

ပဲခူးတိုင်းအစိုးရရုံးကို ရှော့တိုက်ဒုံးနဲ့ ပစ်မယ်လို့သတင်းကြားတဲ့အတွက် ဝန်ထမ်းတွေကို လစာမပေးဘဲ နေအိမ်တွေကိုပြန်လွှတ်

ပဲခူးမြို့၊ ဆေးရုံကြီးရှေ့မှာရှိတဲ့ တိုင်းဒေသကြီးအစိုးရရုံးထဲကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ်မယ်လို့ သတင်းကြားတဲ့အတွက် ဝန်ထမ်းတွေကို လစာပင်မထုတ်ပေးဘဲ နေအိမ်တွေကို ပြန်လွှတ်ခဲ့တယ်လို့ ပဲခူးမြို့ခံဆီက သိရပါတယ်။

 

တိုင်းဒေသကြီးအစိုးရရုံးထဲကို ကာကွယ်ရေးတပ်ဖွဲ့တွေက ရှော့တိုက်ဒုံးနဲ့ လာရောက်ပစ်ခတ်မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အတွက်  ယမန်နေ့(ဇွန်လ ၃၀)မနက် ၁၀ နာရီလောက်မှာ ရုံးထဲမှာရှိတဲ့ ဝန်ထမ်းအားလုံးကို နေအိမ်သို့ပြန်ခိုင်းပြီး လုံခြုံရေးတွေ တင်းကြပ်ထားတယ်လို့လည်း ဆိုပါတယ်။

 

“နေ့လယ်ကနေစပြီးညအထိ လုံခြုံရေးတွေချထားပြီး အစစ်ဆေးတွေကြမ်းနေတယ်။ အဲဒီရုံးထဲမှာအလုပ်လုပ်တဲ့ ဝန်ထမ်းတယောက်လည်း ညည်းနေတယ်။ ငါတို့ကို လစာမပေးဘဲ ရုံးထဲမှာရှိတဲ့ ဝန်ထမ်းအားလုံးကို အိမ်ပြန်ခိုင်းတယ်။ အခြေနေမကောင်းဘူးဆိုပြီးတော့ ” လို့  အမည်မဖော်လိုတဲ့ ပဲခူးမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

 

အဲဒီ သတင်းကြားရပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပဲခူးမြို့ပေါ်ကနေရာ ၅ နေရာထက်မနည်း လူအင်အားအများအပြားနဲ့ ဂိတ်ချပြီးစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်းသိရပါတယ်။ အဲဒီ တိုင်းဒေသကြီးအစိုးရရုံးဝန်းထဲမှာ ပဲခူးရဲမင်းကြီးတဦး နေထိုင်တယ်လို့လည်း ဆိုပါတယ်။

 

“လွန်ခဲ့တဲ့ ၅ ရက်လား ၆ရက်လားမသိဘူး ဗုံးလေးလုံးပေါက်ပြီးကတည်းက စစ်ဆေးတာတွေ ပြန်လုပ်လာတယ်။ ဒီနေ့မှာ အခုလိုသတင်းတွေထပ်ကြားတော့ နေရာတော်တော်များများမှာ ဂိတ်တွေချပြီး စစ်ဆေးနေတာလုပ်တယ်”လို့ အထက်ပါမြို့ခံက ဆက်ပြောပါတယ်။

 

ဇွန်လ ၁၉ ရက်ကလည်း ပဲခူးမြို့ကျောက်တွင်းကုန်းလမ်းဆုံနားမှာ အသံမိုင်းတလုံး ၊ ဆည်မြောင်းလမ်းမတန်း ထွေအုပ်ရုံးရှေ့မှာ အသံမိုင်းတလုံး၊ ပင်စည်လမ်းဆုံနားမှာရှိတဲ့ ဝါးဆိုင်(အုပ်ချုပ်ရေးမှူးအိမ်) ရှေ့မှာ အသံမိုင်းတလုံး နဲ့ မြို့ဦးကင်းလမ်းမမှာ အသံမိုင်းတလုံး ပေါက်ကွဲခဲ့ပါသေးတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#ပဲခူးတိုင်း #စစ်ကောင်စီ #ရှော့တိုက်ဒုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10