ပဲခူးတိုင်းအနောက်ခြမ်းက PDF စခန်းအချို့မှာ အာဇာနည်နေ့အခမ်းအနားတွေ ကျင်းပ (ရုပ်/သံ)

ဇူလိုင် ၁၉ ရက် ဒီကနေ့မှာကျရောက်တဲ့  ၇၇ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားတွေကို ပဲခူးတိုင်းအနောက်ခြမ်းက PDF တပ်ရင်း တပ်ဖွဲ့တွေ အခြေစိုက်ရာ နယ်မြေတွေမှာ ပြုလုပ်ကြတယ်လို့ သိရပါတယ်။

အခမ်းအနားကျင်းပရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံကို အလေးပြုတာ၊ လွတ်လပ်ရေးတိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုတာနဲ့ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ နွေဦးတော်လှန်ရေးတိုက်ပွဲမှာ ကျဆုံးသွားသူတွေကို အလေးပြုတဲ့  အစီစဉ်တွေလည်း ပါဝင်ပါတယ်။

အခမ်းအနားကျင်းပရတာနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေကို ဘယ်နေရာရောက်ရောက် မမေ့ဘူးဆိုတာကို ပြသချင်လို့ ပြုလုပ်ရတာလို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၂ (Royal Tiger Force) ရဲ့ တပ်ခွဲမှူး ဗိုလ်ကျားဟိန်းက ပြောပါတယ်။

အလားတူ ပြည်ခရိုင် အမှတ် ၃၆၀၂ တပ်ရင်းမှာလည်း လွမ်းသူ့ပန်း‌‌ခွေချတာ၊  ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံကိုတဝက်ချ အလေးပြုတာ၊ ဖယ်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ သူရဲကောင်းတွေကို အလေးပြုတာ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်တွေကို အလေးပြုတာတွေအပြင် တပ်ရင်းတာဝန်ရှိသူတဦးက အာဇာနည်နေ့ အထိမ်းအမှတ် မိန့်ခွန်းပြောကြားခဲ့တယ်လို့ အဲဒီတပ်ရင်းရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းနားတွေကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၂ (Royal Tiger Force)၊ တပ်ခွဲ  ၄ နဲ့  သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ က တပ်ခွဲတွေဖြစ်တဲ့ တပ်ခွဲ ၁ (YOMA GBK PDF)၊ တပ်ခွဲ ၂ (Phoenix DF) စတဲ့ တပ်ခွဲတွေမှာလည်း ကျင်းပတယ်လို့ သိရပါတယ်။

တပြိုင်နက်တည်းဆိုသလို ဒီနေ့မှာကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားတွေကို မြန်မာနိုင်ငံ မြို့ကြီးတွေနဲ့ တော်လှန်ရေးနယ်မြေတွေမှာ အသီးသီးကျင်းပနေကြပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ပဲခူး #ကာကွယ်ရေးတပ်ဖွဲ့ #PDF #အာဇာနည်နေ့ #အခမ်းအနား 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10