ပဲခူးတိုင်းအနောက်ခြမ်းမှာ စစ်မှုထမ်းရန် လူငယ်တွေကိုဆင့်ခေါ်မှုတွေ စတင်

ပဲခူးတိုင်းအနောက်ခြမ်းမှာ စစ်မှုထမ်းရန် လူငယ်တွေကိုဆင့်ခေါ်မှုတွေ စတင်

စစ်ကောင်စီကဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေက ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေမှာ စစ်မှုထမ်းဖို့ဆင့်ခေါ်စာတွေ လူငယ်တွေဆီကို လိပ်မူကာ ပေးပို့နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။  

ပဲခူးတိုင်းအနောက်ခြမ်းက လက်ပံတန်းနဲ့ နတ်တလင်းမြို့နယ်တွေက အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြားရှိတဲ့ လူငယ်တွေဆီကို လိပ်မူပြီး မတ် ၁၆ ရက်ကစတင်ကာ ပေးပို့နေတာလို့ ဆိုပါတယ်။

“By Name တပ်ပြီး ခေါ်တာဆိုတော့ သွားတဲ့ လူငယ်တွေလည်း သွားကြတယ် ကြားတယ်။ ကျနော်သိတဲ့ လူငယ်တွေကတော့ ရှောင်တိမ်းနေကြတယ်။ အားလုံးက ကြောက်လန့်နေကြတာလေ။ စစ်ကောင်စီမှာ စစ်မှု မထမ်းလိုကြဘူး” လို့ လက်ပံတန်းမြို့နယ်က ဒေသခံတဦးက ပြောပါတယ်။

အလားတူ နတ်တလင်းမြို့ပေါ်နေ ဒေသခံတဦးကလည်း “နတ်တလင်းမြို့ ရန်အောင် မာန်အောင်လမ်းထဲမှာ ပြည်သူ့စစ်ဆင့်ခေါ်စာ လာပို့တယ်။ သူတို့စာရွက်ထဲက လူငယ်က နိုင်ငံခြားမှာ အလုပ်လုပ်နေတယ်လို့ ပြောတာကို စစ်မှုထမ်းဖို့ ပြန်ခေါ်ရမယ်ဆိုပြီး ပြောသွားတာမျိုးတွေလည်း ရှိတယ်” လို့  ပြောပါတယ်။ 

ဒါအပြင် ပြည်မြို့နယ်ထဲက  ပေါင်းတမော့အုပ်စုထဲမှာလည်း အုပ်ချုပ်ရေးမှူးက ဦးဆောင်ကာ စစ်မှုထမ်းဖောင်တွေကို လိုက်ဝေနေတာတွေရှိသလို ဝက်ထီးကန်တိုက်နယ်ထဲက ကျေးရွာအုပ်စုအချို့မှာလည်း ပြည်သူ့စစ်ထဲဝင်ဖို့  လူငယ်တွေကို မဲနှိုက်ရွေးချယ်ဖို့ စီစဉ်နေတယ်လို့  ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ရပ်ကွက်အတွင်း စစ်ကောင်စီသတ်မှတ်တဲ့ စစ်မှုထမ်းအရွယ် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်တွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက စာရင်းပြုစုကာ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေဆီကို ပေးပို့ရတာလို့ သိရပါတယ်။ 

စစ်မှုထမ်း စုဆောင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပဲခူးတိုင်းအနောက်ခြမ်းက နတ်တလင်းမြို့နယ်၊ ရွှေကြာပင်အုပ်စု၊ အောင်ပင်သာရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက် ညက သားအဖချင်း စကားများရာက ဖခင်ဖြစ်သူက သားကို ဓားနဲ့ထိုးသတ်မှုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။

ပုံစာ - လက်ပံတန်းမြို့က စစ်မှုထမ်းဆင့်ခေါ်စာ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကောင်စီ #ပဲခူးတိုင်း #စစ်မှုထမ်း #လူငယ် #နတ်တလင်း #ပြည် #လက်ပံတန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10