ပဲခူးတိုင်းအနောက်ခြမ်းမှာ မတ်ပဲ အထွက်နှုန်းကျဆင်း

ပဲခူးတိုင်းအနောက်ခြမ်းမှာ မတ်ပဲ အထွက်နှုန်းကျဆင်း

ပဲခူးတိုင်းအနောက်ခြမ်းမှာ မိုးစပါးအပြီး စိုက်ပျိုးခဲ့တဲ့ မတ်ပဲတွေ ရိတ်သိမ်းခြွေ့လှေ့ခဲ့ရာ အခုနှစ်မှာ မတ်ပဲထွက်နှုန်းတွေ ကျဆင်းခဲ့တယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလဝန်းကျင်က စိုက်ပျိုးခဲ့တဲ့ မတ်ပဲစိုက်ခင်းတွေဖြစ်ပြီး အရင်နှစ်ကထက် ပျမ်းမျှ ၄ တင်းလောက် အထွက်နှုန်းကျဆင်းခဲ့တယ်လို့  ဆိုပါတယ်။

ယခင်နှစ်က မတ်ပဲ ၁ ဧကကို ပျမ်းမျှ ၂၂ တင်း ဝန်းကျင် ထွက်ရှိပေမယ့် အခုနှစ်မှာ ၁၈ တင်းခန့်သာ ထွက်ရှိတယ်လို့  ဆိုပါတယ်။

အဲဒီ မတ်ပဲတွေကို အခုနှစ် ဖေဖေါ်ဝါရီလနဲ့ မတ်လထဲမှာ ရိတ်သိမ်း ခြွေ‌လှေ့ခဲ့တာ ဖြစ်ပါတယ်။ 

“မတ်ပဲအပင်ပေါက်ချိန်မှာ မြေအစိုဓါတ်များလို့ အပင်တွေသေတာရယ်၊ အပင်ကြီးလာတဲ့အချိန်မှာ မှိုရောဂါကျလို့  အပင်တွေဝါပြီး အသီး မသီးနိုင်တာရယ်ကြောင့်လည်း အထွက်နှုန်းကျတာ” လို့ နတ်တလင်းမြို့နယ်က တောင်သူတဦးက ပြောပါတယ်။

အလားတူ လက်ပံတန်းမြို့နယ် ကိုင်းတောစုအုပ်စုက တောင်သူတဦးကလည်း “အပင်ငယ်စဉ်မှာ ပဲပင်တွေ သေတာများတယ်။ တဧကကို ပျမ်းမျှ ၄ တင်းလောက် ကျသွားတာ”လို့ ပြောပါတယ်။

လက်ရှိမှာ ခြွေလှေ့ပြီး မတ်ပဲတွေကို စိုက်ဧကများတဲ့ တောင်သူအနည်းစုက ဈေးအတက်ကို မျှော်ကာ  သိုလှောင်ထားကြပြီး စိုက်ဧက နည်းပါးသူတွေကတော့ သွင်းအားစုစရိတ် ကြွေးဆပ်တာအပြင် အခြားစရိတ်တွေကြောင့် ရောင်းချသူများတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာ မတ်ပဲ တတင်းကို ကျပ် ၉၃,၀၀၀ ဝန်းကျင် ဈေးပေါက်နေတယ်လို့ ဒေသတွင်း မတ်ပဲရောင်းဝယ်သူတွေဆီက သိရပါတယ်။

ပဲခူးတိုင်း အနောက်ခြမ်းက သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ နတ်တလင်း၊ ပေါင်းတည်စတဲ့ မြို့နယ်တွေမှာ မတ်ပဲကို မိုးစပါးအပြီးမှာ နှစ်စဉ် စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

ပုံစာ - ပေါင်းတည်မြို့နယ်က မတ်ပဲရိတ်သိမ်းမှုမြင်ကွင်း။

 

#မြေလတ်အသံ

#ပဲခူးတိုင်း #မိုးစပါး #စိုက်ပျိုးရေး #မတ်ပဲ #အထွက်နှုန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10