ပဲခူးတိုင်းအနောက်ခြမ်းမှာ သက်လတ်မိုးစပါး တင်းတရာကို ကျပ် ၁၆ သိန်းနဲ့ဈေးဖွင့်

ပဲခူးတိုင်းအနောက်ခြမ်းမှာ သက်လတ်မိုးစပါး တင်းတရာကို ကျပ် ၁၆ သိန်းနဲ့ဈေးဖွင့်

ပဲခူးတိုင်းအနောက်ခြမ်းမှာ စိုက်ပျိုးခဲ့တဲ့ သက်လတ်မိုးစပါးတွေ စက်တင်ဘာလယ်ကစကာ ရိတ်သိမ်းနေပြီး စပါးတင်း ၁၀၀ ကို ကျပ် ၁၆ သိန်းနဲ့ စတင်ရောင်းဝယ်နေပြီလို့ ဒေသခံလယ်သမားတွေဆီက သိရပါတယ်။

အခုနှစ် မိုးဦးရာသီဇွန်လက စိုက်ပျိုးခဲ့တဲ့ ရက်ပေါင်း ၁၁၅ ရှိ GW 11 အထွက်ကောင်းမျိုးစပါးနဲ့ ရက်ပေါင်း ၁၃၅ ရှိ ဆင်းသုခစပါးမျိုးတွေ ရိတ်သိမ်းကြတာလို့ ဆိုပါတယ်။ 

ပေါင်းတည်မြို့နယ်မှာ GW 11 လယ်ကွင်းအတွင်း(စက်ကျ) ရောင်းချပါက ပေါင် ၅၀ တင်းတရာကိုကျပ် ၁၅ သိန်း ၈ သောင်းနဲ့ ဆန်စက်အရောက်ပို့ဆောင်ပါက ကျပ် ၁၆ သိန်းရပြီး မင်းလှမြို့နယ်မှာလည်း ရက်ပေါင်း ၁၃၅ ရှိ ဆင်းသုခစပါးကို လယ်ကွင်းအတွင်းမှာပဲ ကျပ် ၁၅ သိန်းနဲ့ရောင်းချရတယ်လို့ ဆိုပါတယ်။

“ မိုးစပါးအသစ် စပေါ်နေပြီ အဖွင့်ဈေးကောင်းပါတယ် ဒီဈေးနဲ့တော့ မဆိုးပါဘူး။ စပါးတွေက ဆက်တိုက်ရိတ်တော့မှာ စပါးလှိုင်လှိုင်ပေါ်လာရင်တော့ စပါးဈေးဘယ်လိုဖြစ်မလဲတော့ မသိရသေးဘူး"လို့ ပေါင်းတည်မြို့နယ်အတွင်းက လယ်သမားတဦးက ဆိုပါတယ်။

မိုးစပါး ကောက်စောစပါးအချို့ ရိတ်သိမ်းနေချိန် အခုစက်တင်ဘာလလယ်မှာပဲ ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်းအပါ မြို့နယ်အချို့မှာ မိုးရွာသွန်းမှုများတဲ့အတွက် စပါးခင်းအချို့လဲကျကုန်တာတွေရှိတယ်လို့ ဆိုပါတယ်။  

“စောစောစိုက်ထားတဲ့ မှည့်နေတဲ့ ရတနာတိုးစပါးတွေ လဲကုန်လို့ တချို့ဆိုအစို့တွေတောင် ပေါက်ကုန်တယ်" လို့ နတ်တလင်းမြို့အနောက်ဘက် တာပွန်နယ်က ဒေသခံလယ်သမားတဦးက ပြောပါတယ်။

လက်ရှိ မိုးစပါးအသစ်တွေဟာ အစိုဓါတ်ရှိနေသေးတာမို့ ဆန်စက်မှာတွေမှာ ကြိတ်ခွဲမရသေးဘဲ နေလှန်းတာ အခြောက်ခံစက်နဲ့ အပူပေးအခြောက်ခံတာတွေ ပြုလုပ်ရတယ်လို့ နတ်တလင်းမြို့က ဆန်စက်ပိုင်ရှင်တဦးက ပြောပါတယ်။ 

ဒေသခံတောင်သူအများစုဟာ လယ်ဧကအနည်းငယ်သာ ပိုင်ဆိုင်ကြပြီး ရိတ်သိမ်းပြီးစပါးတွေကို ယခင်ကလို သိုလှောင်လေ့မရှိတော့ဘဲ မျိုးစပါးချန်ကာ ရောင်းချကြသလို စားသုံးမယ့်ဆန်ကိုလည်း ဆန်စက် ဒါမှမဟုတ် ဆန်ကုန်သည်တွေဆီက ပြန်လည်ဝယ်ယူကြတယ်လို့ သိရပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းမှာ မိုးစပါးကို ဆောင်းသီးနှံမတ်ပဲအပြီး ဇွန်လမှာစိုက်ပျိုးကြသူတွေရှိသလို နွေစပါးအပြီး ဇူလိုင်လလယ် စိုက်ပျိုးကြသူတွေလည်းရှိပြီး လာမယ့်အောက်တိုဘာလ အတွင်းမှာတော့ မိုးစပါးအသစ်တွေ လှိုင်လှိုင်ပေါ်ထွက်လာမှာလို့ သိရပါတယ်။

ပုံစာ - ပေါင်းတည်မြို့တွင် ရိတ်သိမ်းနေသည့် မိုးစပါးစိုက်ခင်း (ပုံဟောင်း)။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ဆန်စပါး #စိုက်ပျိုးရေး #ဈေးကွက် #တောင်သူလယ်သမား #ပဲခူးတိုင်းအနောက်ခြမ်း #ဆင်းသုခ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10