သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်နဲ့ ပဲခူးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံရတာကြောင့် ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ပေါင်းတည်မြို့နယ်မှာ စစ်တပ်အထိုင်ချစခန်းကို အင်အားဖြည့်ဖို့ထွက်လာတဲ့စစ်ကြောင်းကို နိုဝင်ဘာ ၁ ရက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၁ နဲ့ တပ်ခွဲ ၅ ဆီက သိရပါတယ်။
ကျောက်ကြီးတောင် စစ်တပ်အထိုင်စခန်းကနေ ၄ မိုင်ခွဲခန့်ဝေးတဲ့ သစ်ပုတ်တာဝါတိုင်စခန်းကို အင်အား ၄၀ ကျော်နဲ့ထွက်လာတဲ့ စစ်ကြောင်းကို ပြန်ချီတက်ရွာနဲ့သစ်ရွာအကြားမှာ မနက် ၁ နာရီခွဲခန့်မှာ မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
"မိုင်းကွင်း ၁ ကွင်းမှာ မိုင်း ၂ လုံးအနည်းဆုံး ထောင်ထားတယ်။ မိုင်း ၃ ခါဆွဲ တိုက်ခဲ့တာပါ။ စစ်သား ၁ ဦးသေတယ်။"လို့ ၃၆၀၁ တပ်ရင်း၊ စစ်ထောက်လှမ်းရေးနဲ့ သတင်းတာဝန်ခံ က ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီး၊ လက်နက်ငယ်၊ စက်ကလေးတို့နဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
တိုက်ခိုက်ခံရလို့ သေဆုံးတဲ့စစ်သားကို ပုခက်နဲ့ထမ်းခေါ်ပြီး ဒဏ်ရာရစစ်သား ၃ ဦးကိုတွဲခေါ်ကာ မနက် ၄ နာရီခွဲခန့်မှာ သစ်ပုတ်တာဝါတိုင်စစ်တပ် အထိုင်စခန်းကို ဝင်ရောက်သွားတယ်လို့သိရကြောင်း ၃၆၀၁ တပ်ရင်း၊ စစ်ထောက်လှမ်းရေးနဲ့သတင်းတာဝန်ခံ က ပြောပါတယ်။
အလားတူ အောက်တိုဘာ ၃၁ ရက် မနက် ၇ နာရီခန့်မှာလည်း ပဲခူးမြို့နယ်၊ ချောင်းဖျား ရွှေလောင်း ရေလှောင်တမံအနီး စစ်ကြောင်းဝင်လာတဲ့ စစ်ကောင်စီအဖွဲ့နဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပဲခူးခရိုင် တပ်ရင်း ၃၇၀၁၊ တပ်ခွဲ ၃ ဆီက သိရပါတယ်။
အင်အား ၇၀ ကျော်နဲ့ ရွှေလောင်းရေလှောင်တံမံ ရှင်းလင်းဆောင်မှာ တပ်စွဲထားချိန် တော်လှန်ရေး ပူးပေါင်းတပ်တွေဘက်က သွားရောက်တိုက်ခိုက်ရာမှ ၃ နာရီနီးပါးတိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
"ကျနော်တို့ ၇ နာရီလောက်မှာ သူတို့နားထိချင်းကပ်ပြီး တိုက်ခဲ့တာ။ ၃ နာရီလောက်ဆိုတော့ လက်လုပ်တွေနဲ့ ကျန်တဲ့ဟာ အားနည်းချက်တွေကြောင့် ပြီးခါနီးကျ လက်လွှတ်ပြီးပြန်လာရတယ်။ "လို့ ပဲခူးခရိုင် တပ်ရင်း ၃၇၀၁၊ တပ်ခွဲ ၃ တာဝန်ခံက ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက် ၁၀ ဦးဝန်းကျင် ထိခိုက်နိုင်ပြီး အသေးစိတ်အချက်အလက်တွေကို မသိခဲ့ရဘူးလို့ ဆိုပါတယ်။
အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ သစ်နီသစ်တောစခန်းက သစ်တောဝန်ထမ်းတွေနဲ့ အလုပ်သမားတွေကို တော်လှန်ရေးအဖွဲ့တွေက ဖမ်းဆီးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး နယ်မြေရှင်းလင်းရေးလုပ်ဖို့ဝင်လာတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ပဲခူးခရိုင် တပ်ရင်း ၃၇၀၁၊ တပ်ခွဲ ၃ တာဝန်ခံက ပြောပါတယ်။
အောက်တိုဘာ ၂၅ ရက်မှာ ပဲခူးမြို့နယ်၊ အမြန်လမ်းအနီး ကုလားသစ်ထုတ်လုပ်ရေးစခန်းကနေ သစ်တောဝန်ထမ်း ၅ ဦးနဲ့ အလုပ်သမား ၁၀ ဦးခံကို တော်လှန်ရေးအဖွဲ့တွေက ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် အောက်တိုဘာ ၂၉ ရက်မှာ အားလုံးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
စက်တင်ဘာ ၄ ရက်ကလည်း ပဲခူးမြို့နယ်၊ ကိုဒူးကွဲရေလှောင်တမံအနီးမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
ပုံစာ - ရှေ့တန်းရောက် PPDF ရဲဘော်များနှင့် ပေါင်းတည်မြို့နယ်အတွင်း စစ်ကောင်စီအဖွဲ့ကို တိုက်ခိုက်ခဲ့သည့်နေရာ။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ပေါင်းတည် #စစ်ကောင်စီ #တိုက်ခိုက်ခံရ
Share Share Share