ပဲခူးမှာ အသံဗုံးတွေ ဆက်တိုက်ဆိုသလို ပေါက်ကွဲခဲ့

ပဲခူးမှာ အသံဗုံးတွေ ဆက်တိုက်ဆိုသလို ပေါက်ကွဲခဲ့

ပဲခူတိုင်း၊ ပဲခူးမြို့မှာ ဖေဖေါ်ဝါရီလ ၈ ရက် ဒီနေ့မနက်နဲ့ မနေ့ညက ဆက်တိုက်ဆိုသလို အသံဗုံးတွေ ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

မနေ့ည ၉ နာရီဝန်းကျင်က စတင်ကာ အသံဗုံး ၆ လုံး ပေါက်ကွဲပြီး ဒီနေ့မနက်အစောပိုင်းမှာ အသံဗုံး ၂ လုံး ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

"ဗုံးသံက မနေ့ည ၈ နာရီ ၅၀ ကနေ စပေါက်တာ။ ပေါက်ကွဲချိန်တွေက သိပ်မကြာဘူး။ ဆက်တိုက်ဆိုသလို ပေါက်တာ။ ည ၉ နာရီ ၁၆ မိနစ်မှာကတော့ ဆိုရှယ်လစ် ၂ လမ်းထိပ်က ရဲတွေစောင့်နေတဲ့ မူလွန်ကျောင်းထဲကိုလည်း တလုံးပစ်ထည့်ခဲ့တာ။ မီးခိုးလုံးတွေ ထွက်သွားတာ မြင်ရတယ်" လို့ မြို့ခံတဦးက ပြောပါတယ်။

မဇင်းရပ်ကွက်၊ မဟာစေတီကန်ကျောင်းအုတ်တံတိုင်းနဲ့ ရှင်စောပုရပ်ကွက်၊ ဆိုရှယ်လစ် ၉ လမ်း ထရန်စဖော်မာအောက်ခြေနဲ့ ပုဏ္ဏားစုရပ်ကွက်၊ ၈ လမ်းထိပ်က ထရန်စဖော်မာအနီး ပေါက်ကွဲရာမှာ ပျက်စီးမှု အနည်းငယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ရှင်စောပုရပ်ကွက်၊ ဦးဘိုနီလမ်း ထရမ်စဖော်မာ အနောက်ဘက်က အမှိုက်ပုံနေရာနဲ့ ထရန်စဖော်မာအနီး အုတ်တံတိုင်းဘေးကပ်လျက် သရက်ပင်အောက်မှာလည်း လက်လုပ်အသံမိုင်းတွေ ပေါက်ကွဲခဲ့တာလို့ မြို့ခံတဦးဆီက သိရပါတယ်။

ဗုံးတွေ အဆက်မပြတ် ပေါက်ကွဲအပြီးမှာ စစ်အုပ်စုက ပဲခူးမြို့ပေါ်ကို ၅ နေရာလောက်ခွဲကာ စစ်ဆေးမှုတွေ ပြုလုပ်ပြီး လမ်းသွားလမ်းလာတွေကို ရိုက်နှက်တာအပြင် မဖွယ်မရာ စစ်ဆေးမှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလိုဖောက်ခွဲမှုတွေနဲ့ပက်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ 

ဖေဖေါ်ဝါရီလ ၈ ရက် ဒီနေ့မနက်မှာလည်း စစ်အုပ်စုဟာ ပဲခူးမြို့ပေါ်က ကတွင်းခြံရွာ၊ စိုင်တီရွာအဝင်နဲ့ ဆံတော်တွင်းလမ်းမ၊ ကျိုက်ပွန်ဘုရားရှေ့ ကျောက်တွင်းကုန်းလမ်းဆုံတွေမှာ ဆိုင်ကယ်နဲ့ကားတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေတယ်ဆိုပါတယ်။

ပဲခူးမြို့မှာ စစ်ကောင်စီက ကျင်းပမယ့်ရွေးကောက်ပွဲအတွက် စစ်အုပ်စုလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက လူဦးရေစာရင်း လိုက်လံကောက်ခံမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10