ပဲခူးရိုးပေါ်တက်လာတဲ့ စစ်ကြောင်းနဲ့ PDF တို့ တိုက်ပွဲဖြစ်လို့ နှစ်ဘက်သေဆုံးမှုရှိ

ပဲခူးရိုးပေါ်တက်လာတဲ့ စစ်ကြောင်းနဲ့ PDF တို့ တိုက်ပွဲဖြစ်လို့ နှစ်ဘက်သေဆုံးမှုရှိ

ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ် ပဲခူးရိုးမအစပ်မှာ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ခိုက်ရာက နှစ်ဘက်သေဆုံးမှုတွေရှိခဲ့တယ်လို့  သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅  က သတင်းထုတ်ပြန်ထားပါတယ်။

မင်းလှမြို့နယ်အပိုင် မြို့ချောင်း - စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်း ခါချဥ်တောင်ပေါ်ကို တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဖေဖေါ်ဝါရီ ၁၈ ရက်က လေးကြိမ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

ပထမအကြိမ် နံနက် ၁၀ နာရီလောက်မှာ ခါချဉ်တောင်ပေါ်ကိုတက်လာတဲ့ စစ်ကြောင်းကို ဖုတ်တက်ကြီး အဆင်းကနေ မိုင်းဆွဲခဲ့လို့ သေဆုံးဒဏ်ရာရသူတွေရှိတာကြောင့် မွန်းတည့် ၁၂ နာရီလောက်မှာ စစ်သား ၂၅ ဦးခန့် က ဖောကားနဲ့ စစ်ကူလာတာကို ဟိုင်းယုလမ်းစုံနဲ့ ပျဉ်းကတိုးစိုက်ခင်းကြား တောင်ကြောပေါ်ကနေ ၄၀ မမ ၃လုံးနဲ့ စောင့်ကြိုပစ်ခတ်ကြတာလို့ ပြောပါတယ်။

ညနေ ၃ နာရီလောက်မှာ ခါချဉ်တောင်ပေါ်ကို နောက်ထပ် စစ်ကြောင်းတကြောင်းက အင်အား ၃၅ ဦးလောက်နဲ့ ထပ်တက်ဖို့ ကြိုးစားလို့ ‌တပ်ခွဲ ၅ က ပတ်ကွေ့ကြီးအဆင်းကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ 

တိုက်ခိုက်ခံရလို့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ ရှေ့ဆက်မတိုးဘဲ ပုန်းအောင်းနေပြီး ညနေ ၅ နာရီခွဲလောက်မှာ ထပ်မံစစ်ကြောင်းထွက်လာတာကြောင့် ရှောက်ပင်ချောင်းအနီးမှာ စောင့်ကြိုမိုင်းဆွဲရင်း ပြန်လှန်ပစ်ခတ်ကြတာလို့ ဆိုပါတယ်

”မနေ့က တိုက်ခိုက်မှု လေးကြိမ်အတွင်းမှာ ‌** တွေကို အသားစီးယူပြီး တိုက်ခိုက်နိုင်ခဲ့ပါတယ်။ သူတို့က ရှေ့ကို တိုးလာလိုက်၊ ကျနော်တို့ တိုက်လိုက်၊ သူတို့ လမ်းကြောင်းကို ကြိုပြီး မိုင်းထောင်လိုက်၊ လက်နက်ငယ်တွေနဲ့ ပစ်ကြနဲ့။ **တွေ အထိနာတဲ့ ပွဲပဲ“ လို့  သာယာဝတီခရိုင်း ၃၈၀၂ တပ်ခွဲ ၅ က သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်ရိုးမမြေက ပြောပါတယ်။

တိုက်ခိုက်မှု ၄ ကြိမ်အတွင်းမှာ လက်နက်ငယ်တွေနဲ့ နှစ်ဘက်အပြန်လှန် ပစ်ခတ်မှုတွေလည်းရှိခဲ့လို့  ညနေ ၃ နာရီ တိုက်ခိုက်မှုမှာ ၃၈၀၂ တပ်ခွဲ ၅ က အသက် ၃၆ နှစ်အရွယ် ရဲဘော်ကုလား သေနတ်ကျည်ထိမှန်ကျဆုံးခဲ့တယ်လို့ ပြောပါတယ်။

၃၈၀၂ တပ်ခွဲ ၅ က ထုတ်ပြန်ချက်မှာ တိုက်ခိုက်မှု လေးကြိမ်အတွင်း စစ်ကောင်စီဘက်က ၄၀ ဦးသေကာ ၁၆ ဦး ဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။

ဖေဖေါ်ဝါရီ ၁၉ ရက် မနေ့က မနက်မှာတော့ မင်းလှအခြေစိုက် အမှတ် ၁ ခြေလျင်တပ်ရင်းကို ရောက်နေတဲ့ စစ်သား ၅၀ ဦးလောက်ကို ခါချဉ်တောင်ဝန်းကျင်ကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျဆုံးရဲဘော်ကုလားကိုလည်း မနေ့က ညနေမှာ သဂြိုဟ်နိုင်ဖို့ တပ်ခွဲ ၅ ရဲ့ တာဝန်ရှိသူတွေ ပြင်ဆင်နေတယ် လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၁ ရက် မနက်ကလည်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ နဲ့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ဧရာညီနောင်စစ်ကြောင်းတို့ပေါင်းကာ အုတ်ဖိုမြို့နယ် မင်းလှဆည်ရှင်းလင်း ဆောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်စီးချိန် ဧရာညီ‌နောင်စစ်ကြောင်းက ရဲဘော်တောင်တန်း ကျဆုံးခဲ့ ရပါသေးတယ်။

ပုံစာ - ကျဆုံးရဲဘော်ကုလား၏ အလောင်း။

သတင်း - ခန့်အောင်၊ စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #မင်းလှမြို့နယ် #ပဲခူးရိုးမ #စစ်ကောင်စီ #သာယာဝတီခရိုင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10