ပဲခူးရိုးပေါ်မှာ မိုင်းရှာနေတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲပစ်ခတ်ခံရလို့ ထိခိုက်သေဆုံးများ

ပဲခူးရိုးပေါ်မှာ မိုင်းရှာနေတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲပစ်ခတ်ခံရလို့ ထိခိုက်သေဆုံးများ

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ ပဲခူးရိုးပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ရာ နှစ်ဘက်ထိခိုက်မှုရှိခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၂၇ ရက်မနက် ၆ နာရီခွဲကျော်မှာ ပဲခူးရိုးမအစပ် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းကနေ ခါချဉ်တောင်ကို တက်လာတဲ့ အင်အား ၈၀ ဦးပါ စစ်ကောင်စီစစ်ကြောင်းကို ဥတလုံးတောင်အနီးမှာ စောင့်ဆိုင်းကာ မိုင်းဆွဲပြီးနောက် လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ ကျနော်တို့ထောင်တဲ့မိုင်းကွင်းမှာ မိုင်းရှာနေတဲ့အချိန်မှာ ဆွဲချလိုက်တာ။ အဲ့နေရာမှာပဲ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးကုန်တာပါ ။ စစ်ကောင်စီဘက်က လက်နက်ကြီး၊ငယ်တွေနဲ့ပစ်လို့ PDF ရဲဘော် ၁ ဦးရဲ့လက်ကိုကျည်ထိမှန်ခဲ့ပေမယ့် မစိုးရိမ်ရဘူး။” လို့ တပ်ရင်း ၃၈၀၂ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် ဒူးယားက မြေလတ်အသံကို ပြောပါတယ်။

မိုင်း ၁၃ လုံးတွဲ ပဒေသာမိုင်း ၃ တွဲနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ငယ်တွေနဲ့ပါပစ်ခတ်ခဲ့ရာ ထိတွေ့မှု ကြာမြင့်ချိန်မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုများတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဘက်က ၄၀ ဦးနေရာမှာသေပြီး ၁၅ ဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်ဖော်ပြထားပြီး သေဆုံးထိခိုက်မှုအခြေအနေတွေကိုတော့ မြေလတ်အသံက သီးခြားအတည်ပြုချက် မရသေးပါဘူး။

လက်ရှိ ဒီဇင်ဘာ ၁ ရက်ထိ အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ မင်းလှမြို့နယ်၊ ပဲခူးရိုးမအစပ်က ဟိုင်းယုလမ်းဆုံမှာ စစ်သား ၁၅ ဦးခန့်နဲ့ ဆက်လက်ရှိနေကာ ယာယီတပ်စွဲနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်မနက်ပိုင်းကလည်း လက်ပံတန်းမြို့နယ်၊ သာယာကုန်းရဲကင်းစခန်းကို သာယာဝတီအခြေစိုက် ဂဠုန်တပ်ဖွဲ့အပါပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါသေးတယ်။

ပုံစာ - ဥတလုံးတောင်တိုက်ခိုက်မှုမှာ တွေ့ရှိရတဲ့ ပုပ်ပွနေတဲ့စစ်အုပ်စုဝင်တဦးရဲ့ အလောင်း။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မင်းလှ #ခါချဉ်တောင် #တိုက်ပွဲ #မိုင်းဆွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10