ပဲခူးရိုးမက CDM ဆင်ဦးစီးတွေနဲ့ ဆင် ၁၃ ကောင် ပြန်ရဖို့ စစ်ကောင်စီ ကြိုးစားနေ

ပဲခူးရိုးမက CDM ဆင်ဦးစီးတွေနဲ့ ဆင် ၁၃ ကောင် ပြန်ရဖို့ စစ်ကောင်စီ ကြိုးစားနေ

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ ပဲခူးရိုးမအစပ်က CDM ဝင်လာတဲ့ ဆင်ဦးစီးမိသားစုတွေနဲ့ ဆင်တွေကို စစ်ကောင်စီက ပြန်ယူဖို့ကြိုးစားနေတယ်လို့  PDF နဲ့ နီးစပ်တဲ့ နတ်တလင်းမြို့ခံတဦးဆီက သိရပါတယ်။  

အောက်တိုဘာ ၁၈ ရက်က နတ်တလင်းမြို့ထွေအုပ်ရုံးမှာ ပဲခူးတိုင်း စစ်ဒုတိုင်းမှူး၊ ဒကစမှူး၊ သစ်တောဝန်ကြီးနဲ့ စစ်ဗျူဟာမှူးတို့ဟာ မြို့ခံထွေအုပ်၊ သစ်တောဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ ဆင်တွေပြန်ရဖို့ စည်းဝေးခဲ့ကြတာလို့ ပြောပါတယ်။  

အဲ့ဒီ ဆင်ဦးစီးမိသားစုဝင် ၄၀ ဦးလောက်နဲ့ ဆင် ၁၃ ကောင်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းက ဒေသခံ PDF အဖွဲ့တွေဆီကို CDM ပြုလုပ်လာတာလို့ ဆိုပါတယ်။ 

"သူတို့ဆန္ဒနဲ့ CDM ဝင်လာတာကို နတ်တလင်းထွေအုပ်တို့၊ သစ်တောတို့က PDF  တွေက ဆင်စခန်းကို PDF တိုက်လို့ ပါသွားတာဆိုပြီး အထက်ကိုလိမ်ပြီးတင်တာ။ အဲ့ဒါကို အထက်က လူကြီးဆိုသူတွေ ရောက်လာပြီး ပြန်ရဖို့ စည်းဝေးလုပ်တာ။ စစ်တပ်ဘက်က ဘယ်လိုလုပ်မယ်ဆိုတာတော့ မသိရသေးဘူး“ လို့  နတ်တလင်းမြို့ခံ အမျိုးသားတဦးက ပြောပါတယ်။ 

အဲ့ဒီအစည်းအဝေးမတိုင်ခင် အောက်တိုဘာ ၁၇ ရက်ကလည်း စစ်ကောင်စီတပ်ဟာ  နတ်တလင်းမြို့နယ်၊ ပဲခူးရိုးအစပ် အထက်ဆင်ဝိုင်းက ဆင်ကောင်‌ရေ  ၂၀ လောက်နဲ့ Nom CDM ဝန်ထမ်း ၃၀ ဦးလောက်ကို စစ်ကောင်စီတပ်က အင်အား ၄၀ ဦးလောက်နဲ့ လာခေါ်သွားတယ်လို့ ဆိုပါတယ်။ 

အဲ့ဒီလိုခေါ်ဆောင်သွားတဲ့အခါ လမ်းတလျောက်မှာ ဒေသခံ Phoenix DF တပ်ဖွဲ့က သပြေပင်သုံးလုံးပြူးရွာ အနီးမှာ မိုင်းဆွဲခဲ့သလို စနိုက်ပါနဲ့ပစ်ခတ်တာလုပ်ခဲ့လို့ စစ်သား ၃ ဦးသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ ပြောပါတယ်။ 

လက်ရှိမှာ အဲ့ဒီဆင်တွေကို အောက်တိုဘာ ၁၉ ရက် မနေ့ညက နတ်တလင်းမြို့နယ်ကတဆင့် ဇီးကုန်းမြို့ကို ခေါ်ဆောင်သွားပေမယ့် CDM ဝင်လာတဲ့ ဆင်ဦးစီးမိသားစုတွေနဲ့ ဆင်တွေကတော့ တောတွင်းတနေရာမှာပဲ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ နတ်တလင်းမြို့နယ်၊ ပဲခူးရိုးမအစပ်က တောင်ညိုဆည်ဝန်းကျင်ကို အရင်က ည ၇ နာရီကျော် မထွက်ရအမိန့်ထုတ်ထားရာက အောက်တိုဘာ ပထမပတ်မှစတင်ကာ ၆ နာရီမထွက်ရအမိန့် ပြောင်းလဲသတ်မှတ်ထားတယ်လို့ သိရပါတယ်။ 

အလားတူ နတ်တလင်းမြို့နယ်အတွင်းမှာလည်း သင်တန်းဆင်းပြည်သူ့စစ်တွေနဲ့ နေ့ညမပြတ် ကင်းလှည့်တာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သာယာဝတီခရိုင်ထဲက ကြို့ပင်ကောက်မြို့နယ်နဲ့ အုတ်ဖိုမြို့နယ်တို့ကိုလည်း အောက်တိုဘာ ၁၂ ရက်က စတင်ကာ စစ်အင်အား ၁၅၀  ဦးလောက်နဲ့ စစ်ကြောင်းဖြန့်ထားလို့ အဲ့ဒီမြို့နယ်တွေက PDF တပ်ဖွဲ့တွေလည်း အသင့်ပြင်ထားသလို စစ်ဘေးရှောင်တွေကိုလည်း လုံခြုံတဲ့နေရာတွေကို ပို့ဆောင်ထားရတယ်လို့ ကြို့ပင်ကောက် အခြေစိုက် Hero ပြောက်ကျားတပ်ဖွဲ့က တပ်ခွဲမှူး ဗိုလ်မိုးကြိုးက ပြောပါတယ်။  

လက်ရှိမှာ နတ်တလင်းမြို့နယ်၊ ပဲခူးရိုးမအစပ်မှာ စစ်ကောင်စီတပ်ဘက်က လှုပ်ရှားမှုမရှိတာကြောင့်  စစ်ရေးအခြေအနေ ငြိမ်သက်နေတယ်လို့ Phoenix DF တပ်ဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။ 

စစ်ကောင်စီခန့် ပဲခူးတိုင်းဝန်ကြီးချုပ် မျိုးဆွေဝင်းဟာ နတ်တလင်းမြို့သားဖြစ်ပြီး အဲ့ဒီမြို့အပါအဝင် ပဲခူးတိုင်းအနောက်ခြမ်းက အုတ်ဖို၊ ပေါင်းတည်နဲ့ ပေါက်ခေါင်းမြို့တွေကို စစ်ကောင်စီက ဖေဖေါ်ဝါရီ ၂ ရက်က စတင်ကာ စစ်အုပ်ချုပ်ရေးကြေညာထားတာလည်း ဖြစ်ပါတယ်။

ပုံစာ - စစ်ကိုင်းတိုင်း ကနီမြို့နယ်က CDM ပြုလုပ်ထားသည့် ဆင်များ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူး #နတ်တလင်း #ပဲခူးရိုးမ #စစ်ကောင်စီ #ကြိုးပမ်း #CDM #ဆင် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10