ပဲခူးရိုးမတောင်ခြေက တိတ်ဆိတ်သွားတဲ့ ခေါင်းလောင်းသံ (အက်ဆေး)

ပဲခူးရိုးမတောင်ခြေက တိတ်ဆိတ်သွားတဲ့ ခေါင်းလောင်းသံ (အက်ဆေး)

ပဲခူးရိုးမတောင်ခြေမှာ စစ်ရှောင်တွေကို စာသင်ပေးမယ်ဆိုတဲ့ ကျောင်းဆရာဟောင်းတဦးနဲ့ ဆက်သွယ်မိပြီး ၂ ဦးသား ရက်အတန်ကြာ စကားတွေ အားတက်သရောပြောဖြစ်ခဲ့ကြတယ်။ ကျနော်က သူ့ကို အကိုလို့ခေါ်သလို ဆရာလို့လည်း ခေါ်တယ်။

ဆရာက ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ထဲက စစ်ရှောင်ကလေးငယ်တွေကို စာသင်ဖို့ နယ်မြေတာဝန်ရှိသူတွေ၊ ရပ်မိရပ်ဖတွေ၊ ကျောင်သားမိတွေနဲ့ တိုင်ပင်ပြီး ပြင်ဆင်နေတယ်လို့ပြောတယ်။ ကူညီရမှာ ကိုယ့်တာဝန်လို့ သဘောထားတော့ ဘယ်ရွာမှာ စာသင်မယ်ဆိုတာ မမေးဖြစ်လိုက်ဘူး။ စာအုပ်စာတမ်း ဈေးနှုန်းတွေ ဝယ်ယူရေးကိစ္စတွေကိုသာ နှစ်ဦးသားပြောကြတယ်။ 

နိုဝင်ဘာလလောက်မှာတော့ စာသင်ဆောင်ဆောက်ပြီးလို့ မူလတန်းကျောင်းသား၊ ကျောင်းသူ ၃၀ ဦးကျော်ကို စာသင်နေပြီလို့ သိခဲ့ရတယ်။ 

ဆရာက သူဆောက်လုပ်ထားတဲ့ စာသင်ဆောင်လေးရဲ့ ဓာတ်ပုံကို ကျနော့်ကိုပြတယ်။ ပဲခူးရိုးမတောင်ခြေက မြေပြန့်တနေရာမှာ သွပ်နဲ့သက်ငယ်ရောမိုးပြီး ရရာသစ်၊ ဝါးတွေနဲ့ ဆောက်လုပ်ထားတဲ့ အကာအရံတွေ မရှိသေးတဲ့ မြေစိုက်စာသင်ဆောင်လေးပါ။ 

အဲ့ဒီစာသင်ဆောင်လေးထဲမှာ သင်ပုန်းလည်းတွေ့ရသလို စာသင်ခုံတချို့ကိုလည်း မြင်ရတော့ ဝမ်းသာပီတိ ဖြစ်ခဲ့ရတယ်။

သင်ကြားရေးပိုင်းက လတ်တလော အခက်အခဲအချို့နဲ့ ကျောင်းသားကျောင်းသူလေးတွေ စိတ်ဝင်စားစွာ စာသင်ယူနေတဲ့ အကြောင်းပြောပြီး သူလည်းအားတက်နေတယ်။ ပြီးတော့ ပြောသေးတယ်။ ကျောင်းသားမိဘတွေနဲ့ ရွာသူ ရွာသားတွေက သူ့ကို ဖူးဖူးမှုတ်ထားတာတဲ့။ အကြွင်းမဲ့ ယုံပါတယ်။ 

စစ်ရှောင်ရွာသူရွာသားတွေရဲ့ သားသမီးတွေ ပညာသင်ကြားခွင့် ဆုံးရှုံးနေတာကြာပြီ မဟုတ်ပါလား။ ကိုဗစ်ကာလကစလို့  ကျောင်းမတက်ရသလို အာဏာသိမ်းခံရလို့ နွေဦးတော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်တဲ့မိဘတွေကို စစ်ကောင်စီက တရားစွဲတော့ မိသားစုလိုက်တိမ်းရှောင်ကြရင်း ကလေးငယ်တွေ စာသင်ကျောင်းနဲ့ ဝေးခဲ့ရတယ်။ ကျောင်းခေါင်းလောင်းသံတွေ တိတ်ခဲ့ရတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်လောက်ကစလို့ တယောက်နဲ့တယောက် အဆက်သွယ်ပြတ်သွားတော့ ကျနော် ဆရာ့ကို စိုးရိမ်မိတယ်။ စုံစမ်းကြည့်မှ ဆရာတို့ ရွာဝန်းကျင်ကို စစ်ကောင်စီက အင်အား ရာဂဏန်းဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေတယ်ဆိုတာ သိရတယ်။ 

၂၀၂၃ ဒီဇင်ဘာ ၃၀ ရက်မှာတော့ ဆရာလေးက သူအားကြိုးမာန်တက် ထူထောင်ထားတဲ့ ကျောင်းလေးသတင်းကို ကျနော်မမေးဘဲ မက်ဆက်ဂျာကနေ ပြောတယ်။ ဖုန်းဆက်ပြောတာမဟုတ်လို့ သူ့အသံကို မကြားရပေမယ့် သူရေးထားတဲ့ စာသားမှာ ခံစားချက်တွေ အပြည့်ပါတာ မြင်သာတယ်။ 

 “သွားပြီ ဆရာရေ။ ကျနော့်ကျောင်းလေး ခွေးတွေ မီးရှို့နေပြီဗျာ" 

 သူက ဆက်ပြောတယ် "စာသင်ကျောင်းလေးက ဝှက်ထားတဲ့ စာရေးကိရိယာတွေလည်း ရှာပြီး ရှို့သွားတယ်။ ကျနော်လည်း ပြေးနေရတယ်"တဲ့။ 

အဲ့ဒီသတင်းကြားပြီး ကျနော့်စိတ်ထဲ အတော်လေးခံစားလိုက်ရတယ်။ ကိုယ့်အသိုက်အမြုံလေးတခုကို ဖျက်ဆီးလိုက်သလို ခံစားလိုက်ရတယ်။ 

အဲ့ဒီတော့မှ ဆရာ့ရဲ့ ကျောင်းတည်နေရာဟာ နတ်တလင်းမြို့နယ်၊ ကွေ့ကြီးအုပ်စု၊ လက်ပံပင်ပြန့်ရွာမှာဆိုတာ သိရတယ်။ 

"ခေါင်းလောင်းလေးလည်း အိပ်ပျော်နေဆဲ အသံမမြည်နိုင်ရှာတယ်။ စာသင်ခုံတွေလည်း ဖရိုဖရဲ ပိုးစားခြကိုက်နဲ့” ဆိုတဲ့ ထူးအိမ်သင်သီချင်းထဲက ကျောင်းလေးက အဆောက်အဦ ပရိဘောဂတွေကို မြင်နေရသေးပြီး ပျက်စီးမှုဟာ မပြောပလောက်ဘူးလို့ ယူဆလို့ရပေမယ့် အခက်အခဲတွေများစွာထဲက တည်ထောင်လာတဲ့ စစ်ရှောင်စာသင်ဆောင်လေးကတော့ ပြင်လို့မရတဲ့  ပြာပုံဖြစ်ခဲ့ရတာပါ။

တသက်လုံးအေးချမ်းစွာနေထိုင်လာပြီးမှ စစ်အာဏာသိမ်းလို့ အိုးအိမ်စွန့်ခွာ စစ်ရှောင်နေရတဲ့ အခက်အခဲမျိုးစုံကြားက ကလေးငယ်တွေအနာဂတ်အတွက် တည်ဆောက်ခဲ့တဲ့ စစ်ရှောင်စာသင်ဆောင်လေးကို ပြာပုံအဖြစ် ပြောင်းလဲစေခဲ့သူတွေဟာ နတ်တလင်းမြို့နယ်၊ ကွင်းကျယ်ရွာမှာအထိုင်ချတဲ့ အာဏာသိမ်းစစ်ကောင်စီတပ် ကပါ။ 

ဒီဇင်ဘာလဝက်ကျော်ကနေ ဇန်နဝါရီ ၁ ရက်အထိ နတ်တလင်းမြို့နယ်က ကွေ့ကြီး၊ သဖန်းချောင်းနဲ့ ပျဉ်းမခေါင် ကရင်ဆင်ဆွဲစတဲ့ ကျေးရွာအုပ်စုတွေက ၃၀၀ နီးပါးရှိတဲ့အိမ်တွေ၊ စစ်ရှောင်တဲနဲ့ ယာတဲပေါင်း ရာဂဏန်းကျော်အပြင် ဒေသခံ ရွာသား ၇ ဦးကို မီးရှို့၊ ရွာသား ၃ ဦးကို ဖမ်းထားပြီး အဲ့ဒီကျေးရွာဝန်းကျင်တွေမှာ မိုင်းတွေ ထောင်ထားခဲ့လို့ ဒေသခံ ၂ ဦးသေကာ ၁ ဦးကို ဒဏ်ရာရစေခဲ့တာလည်း အဲ့ဒီစစ်ကောင်စီတပ်ရဲ့ လက်ချက်ကြောင့်ပဲ။ 

အခုအချိန်အထိလည်း ထောင်ဂဏန်းဝန်းကျင်ရှိတဲ့ ဒေသခံစစ်ရှောင်တွေဟာ ပဲခူးရိုးမပေါ်နဲ့ တောင်ခြေအစပ်က နေရာအနှံ့အပြားမှာ ရှိနေကြသလို စာအံသံတွေနေရာမှာလည်း အထီးကျန်စာသင်ဆောင်ပြာပုံလေးက ပြာမှုန်တွေသာ လေထဲမှာ လွင့်ပျံလို့နေပါတယ်။ 

ဆရာနဲ့အတူရှိနေတဲ့ ဒေသခံစစ်ရှောင်တွေထဲက ကျောင်းသားဖခင်တဦးကလည်း သူတို့မှာ နေစရာအိမ် မရှိတော့သလို အခုလည်း ဝါးရုံအောက်က မြေကြီးမှာ နေကြရတာလို့ ပြောရင်း စကားကို ခဏရပ်တယ်။ ပြီးမှ “ပိုဆိုးတာက ကျနော့် သားအငယ်ဆုံးလေး အသက် ၈ နှစ်ရောက်မှ ကျောင်းစာသင်ရတာ  အခုကျောင်းတက်နေတာ တလခွဲလောက်ပဲရှိသေးတယ် ကျောင်းက မီးရှို့ခံလိုက်ရပြီ" တဲ့။

အာဏာရှင်တွေက နိုင်ငံတနိုင်ငံကို နှစ် ၂၀ အုပ်ချုပ်ချင်ရင် အဲ့ဒီတိုင်းသူပြည်သားကို စာမဖတ်အောင်လုပ်၊ နှစ် ၄၀ အုပ်ချုပ်ချင်ရင် အဲ့ဒီတိုင်းသူပြည်သားကို စာမတတ်အောင်လုပ်ဆိုတဲ့ စကားပုံဟာ မင်းအောင်လှိုင်တို့ စစ်တပ်ရဲ့ လက်ကိုင်ဆောင်ပုဒ် တခုဆိုရင် မှားမည်မထင်ပါ။     

#မြေလတ်အသံ

#အတွေးအမြင် #ဆောင်းပါး #ပဲခူးရိုးမ #စာသင်ကျောင်း #စစ်ဘေးရှောင် #ပညာရေး #စစ်တပ် #အာဏာသိမ်း #မီးရှို့ #သတ်ဖြတ် #ကျောင်းသား #ဒေသခံ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10