ပဲခူးရိုးမထဲက PDF အမျိုးသမီးတွေရဲ့ စိုက်ခင်းထွက်သီးနှံ စစ်ရှောင်တွေကိုပါ ဝေမျှနေ (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမထဲက PDF အမျိုးသမီးတွေစိုက်ပျိုးထားတဲ့ စားသုံးသီးနှံစိုက်ခင်း ၅ ဧကရှိပြီး အဲဒီစိုက်ခင်းတွေကနေ သီးနှံတွေ ထွက်ရှိနေပြီလို့ သိရပါတယ်။ 

အဲဒီစိုက်ခင်းဟာ သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ ၄ UGF OKPO အဖွဲ့က အမျိုးသမီးရဲဘော်တွေ ဦးစီးစိုက်ပျိုးထားတာဖြစ်ပြီး သြဂုတ်လလယ်မှာတော့ စတင်ခူးဆွတ်စားသုံးနိုင်နေပြီလို့ UGF OKPO ရိက္ခာတာဝန်ခံ အမျိုးသမီးရဲဘော် မိုးယုစံ က ပြောပါတယ်။

ရိုးမပေါ်က ဖုန်းဆိုးမြေ ၅ ဧကခန့်ကို ရှင်းလင်းပြီး ဇွန်လအစောပိုင်းကစတင်ကာ ဗုံလုံသီး၊ ကန်ဇွန်း၊ မြေပဲ၊ တိုင်ထောင်ပဲ၊ ပြောင်းဖူး၊ ရုံးပတီ၊ မုန်လာဥ၊ ချဥ်ပေါင်၊ ငရုတ်၊ ခရမ်းသီး၊ ရွှေဖရုံသီး စတဲ့သီးနှံတွေကို စိုက်ပျိုးခဲ့တာလို့ ဆိုပါတယ်။

စိုက်ခင်းက ထွက်ရှိလာတဲ့ သီးနှံတွေကြောင့် ရိက္ခာဖိုးကုန်ကျမှုလျော့နည်းသွားသလို အပိုကျန်ကျမှုစရိတ်လည်း သက်သာသွားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် သီးနှံတွေကို တပ်ခွဲ ၃ ခုမှာရှိတဲ့ ရဲဘော်တွေနဲ့အတူ စစ်ရှောင်ပြည်သူတွေကိုလည်း ရိက္ခာတွေမျှဝေစားသောက်နေတာဖြစ်သလို ကြက်များကိုလည်း တနိုင်တပိုင်မွေးမြူထားပြီး ကြက်ဥ၊ ကြက်သား၊ ငါးဟင်းနဲ့ ပဲမျိုးစုံတို့ကိုလည်း အလှည့်ကျကျွေးမွေးနေတယ်လို့ မိုးယုစံက ပြောပါတယ်။

လာမယ့်ဆောင်းရာသီကာလမှာလည်း တောင်ပေါ်အရပ်ဒေသမှာ မြေအစိုဓာတ်နဲ့ စိုက်ပျိုးဖြစ်ထွန်းမယ့် ဘိုကိတ်ပဲ၊ ကုလားပဲနဲ့ တခြားပဲတွေကိုလည်း ၅ ဧကခန့်တိုးချဲ့စိုက်ပျိုးသွားမယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပဲခူးရိုးမ  #PDF #ရဲမေ #စိုက်ခင်းသီးနှံ #စစ်ရှောင် #ဝေမျှ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10