ပဲခူးရိုးမမှာ လူ ၅ ဦး အသတ်ခံရမှုကို စစ်ဆေးဖို့ တော်လှန်ရေးအင်အားစုတွေ NUG ထံ တိုင်ကြား

ပဲခူးရိုးမမှာ လူ ၅ ဦး အသတ်ခံရမှုကို စစ်ဆေးဖို့ တော်လှန်ရေးအင်အားစုတွေ NUG ထံ တိုင်ကြား

ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့နယ်က လူ ၅ ဦးကို သာယာဝတီခရိုင်တပ်ရင်း အမှတ် ၁ တပ်ရင်းမှူး သတ်တာနဲ့ ပတ်သက်လို့ အမှုမှန်ပေါ်ပေါက်ရေး ပဲခူးတိုင်းအနောက်ခြမ်းမှ မြို့နယ်ပကဖ၊ ပအဖနဲ့ ကျောင်းသားသမဂ္ဂအပါအဝင် တော်လှန်ရေးအင်အားစု ၃၀ ကျော်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ ဩဂုတ် ၃၀ ရက် ဒီနေ့မှာ တိုင်ကြားစာပေးပို့ခဲ့ပါတယ်။ 

ဩဂုတ်လအတွင်းမှာ ပဲခူးရိုးမပေါ်ကို ဇီးကုန်းမြို့နယ်၊ ဘော်ဘင် - ကံကြီးကျေးရွာက အမျိုးသား ၅ ဦး ကျွဲဆွဲသွား(သစ်ဆွဲ)စဉ် သာယာဝတီခရိုင်တပ်ရင်း အမှတ် ၁ တပ်ရင်းမှူး ဗိုလ်မိုးကြိုးကြီးက ဖမ်းဆီးစစ်ဆေးပြီး ပျူစောထီးလို့ဆိုကာ သတ်လိုက်တာကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ တရားမျှတမှုပေါ်ပေါက်အောင် စစ်ဆေးဖော်ထုတ်အရေးယူပေးပါလို့ တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။  

ဖမ်းဆီးသတ်ဖြတ်ခံရသူတွေဟာ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာက ငြိမ်းချမ်းကိုကို၊ ရဲလင်းကို၊ ဦးစန်းအောင်၊ ကိုပီကေနဲ့ ကိုတင်မောင်အေးတို့ ၅ ဦးဖြစ်ပြီး ပဲခူးရိုးမထဲ သစ်ဆွဲရန် ဇူလိုင် ၂၀ ရက်မှာ ဘော်ဘင်ကျေးရွာကနေ စတင်ထွက်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

ကျေးရွာက စတင်ထွက်လာချိန်မှာ စုစုပေါင်း ၆ ယောက်ထွက်လာတာဖြစ်ပြီး သစ်ဆွဲပြီးပြန်အလာ လမ်းတဝက်မှာ အချင်းချင်းစကားများရန်ဖြစ်ရာကနေ အောင်သူထက် ဆိုသူကို ကျန် ၅ ဦးက သတ်ပစ်ခဲ့တယ်လို့ ဘော်ဘင်ကျေးရွာဒေသခံတွေက ပြောပါတယ်။ 

အဲဒီနောက် ကျန် ၅ ဦးကို သာယာဝတီခရိုင်တပ်ရင်း အမှတ် ၁ တပ်ရင်းမှူး ဗိုလ်မိုးကြိုးကြီးက ပဲခူးရိုးမပေါ်မှာ ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။ 

အသတ်ခံရသူ ၅ ဦးထဲမှ မိသားစုဝင်တဦးက “အောင်သူထက်ကို သတ်ခဲ့တာ မှန်ပါတယ်။ လူသတ်မှုနဲ့ ပတ်သက်ပြီး ဥပဒေအရ အပြစ်ပေးတာကို ခံယူမယ်ဆိုပြီး သစ်တွေနဲ့အတူ နေအိမ်ကိုပြန်လာချိန်မှာ ပဲခူးရိုးမအခြေစိုက်တဲ့ တော်လှန်‌ရေးတပ်ဖွဲ့က ဖမ်းဆီးတာကို ခံခဲ့ရတာပါ။” လို့ ပြောပါတယ်။

ဘော်ဘင်ရွာသား ၅ ဦး အသတ်မခံရခင်မှာ မိသားစုထံ ဖုန်းဆက်သွယ်ကာ သူတို့ကို တပ်ရင်းမှူး ဗိုလ်မိုးကြိုးကြီးက ခေါ်ယူတွေ့ဆုံတဲ့အတွက် သွားရောက်တွေ့ဆုံမှာဖြစ်ပြီး မကြာခင်မှာ သစ်တွေနဲ့အတူပြန်လာခဲ့မယ်လို့ ပြောပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားတာဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။ 

အဆိုပါ ဘော်ဘင်ရွာသား ၅ ဦးကို သတ်ခဲ့တာဟာ မှန်ကန်ကြောင်း ဗိုလ်မိုးကြိုးကြီး ကိုယ်တိုင်က မြေလတ် အသံသတင်းဌာနကို အတည်ပြုပါတယ်။ 

“သူတို့အချင်းချင်းသတ်ဖြတ်မှုကို PDF က သတ်ပါတယ်ဆိုပြီး သတင်းလွှင့်စွပ်စွဲ လိမ်လည်ပြောဆိုမှုကြောင့် အပြစ်ပေးအရေးယူရတာပါ။ ကျနော်တို့မှာ ထောင်တွေ၊ တန်းတွေ မရှိဘူးလေ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဲဒီအချိန်တုန်းက တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ရင်းမှူးကို တင်ပြမှုရှိခဲ့ပါတယ်။ ဒါ့အပြင် အခုသေဆုံးသူတွေဟာ ပျူစောထီးတွေဖြစ်တယ်ဆိုတာ အချက်အလက်တွေရှိပါတယ်။” လို့ သူက ပြောပါတယ်။

သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းတာဝန်ခံ ကိုလူအေးက ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာဟာ စစ်တပ်ထောက်ခံသူများတဲ့ကျေးရွာဖြစ်ပြီး ပျူစောထီးသင်တန်းတက်ထားသူ ၅၀ ဦးခန့်ရှိတာမှန်ပေမယ့် အခု အသတ်ခံရသူ ၅ ဦးက ပျူစောထီးမဟုတ်ဘူးလို့ ဆိုပါတယ်။ 

“အဲလို ပြောတိုင်း တရွာလုံးကို ပျူစောထီးလို့ ပြောလို့မရဘူး။  PDF ကို အန္တရာယ်ပေးတဲ့ သူတွေလို့ ပြောလို့မရဘူး၊ ပျူစောထီးရဲ့ လူပ်ရှားမှု စစ်ကြောင်းသတင်းကို PDF ကို ပေးပို့နေသူတွေရှိတယ်။ အခု သေဆုံးသူတွေက ပျူစောထီးမဟုတ်သလို ပျူစောထီးစစ်သင်တန်းတက်ထားသူတွေလည်း မဟုတ်ပါဘူး” လို့  သူက ပြောပါ တယ်။ 

အထက်ပါ အမှုနဲ့ပတ်သက်လို့ မြေလတ်အသံသတင်းဌာနက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းရာမှာ အမှုမှန်ပေါ်ပေါက်ပါက ဥပဒေနဲ့အညီအရေးယူသွားမယ်လို့ ဆိုပါ တယ်။ 

“ဖြစ်စဉ်ကိုသိတာ သိပ်မကြာသေးတဲ့အတွက် ကာယကံရှင်တွေကို တိုက်ရိုက်မေးမြန်းမှုတွေ လုပ်နေရပါတယ်။ စုံစုံလင်လင်သိရရင် အတည်ပြုပြောလို့ ရပါတယ်။ ဖြစ်စဉ်အမှန် ပေါ်ပေါက်လာရင်တော့ ကာယကံရှင်တွေဆန္ဒနဲ့  ဥပဒေနဲ့အညီပဲ အရေးယူဆောင်ရွက်မှုကို လုပ်ပါမယ်။” လို့ အမျိုးသားညီညွှတ်‌ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

လက်ရှိမှာ အသတ်ခံရသူတွေထဲက မိသားစုဝင်တချို့ဟာ နေရပ်ကနေ တိမ်းရှောင်နေကြပြီး အမှုမှန်ပေါ်ပေါက် ရေးကို မျှော်လင့်နေတယ်လို့ သိရပါတယ်။

စာတည်း - ဟယ်ရီ၊ လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ဇီးကုန်းမြို့ #သာယာဝတီခရိုင် #တပ်ရင်းမှူး #NUG #လူသတ်မှု 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10