ပဲခူးရိုးမမှာ PDF အမျိုးသမီးတွေဦးဆောင်ပြီး တပ်ရိက္ခာအတွက် သီးနှံများစိုက်ပျိုး (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ တပ်ဖွဲ့ပိုင်နယ်မြေအတွင်း ဇွန်လအစောပိုင်းကစပြီး သီးနှံစိုက်ခင်းတွေ စိုက်ပျိုးနေကြတယ်လို့ သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ ၄ UGF အုတ်ဖိုတပ်ဖွဲ့ဆီက သိရပါတယ်။

မစိုက်ပျိုးဘဲထားတဲ့(ဖုန်းဆိုးမြေ)နေရာကို ရှင်းလင်းခဲ့ရာ ၅ ဧကခန့် အကျယ်ရှိပြီး တပ်ဖွဲ့ရိက္ခာ လိုအပ်ချက်ကို အဆင်ပြေဖို့ စရိတ်အပို မကုန်စေချင်တဲ့အတွက် သီးနှံစိုက်ပျိုးဖို့ ပြုလုပ်ရတာ ဖြစ်ပါတယ်။

"မြေနေရာလည်း အလဟဿ မဖြစ်တော့ဘူး။ အပိုစရိတ် မကုန်စေချင်လို့ စိုက်ဖြစ်တာပါ။အချိန်ကုန်ရကျိုးနပ်မယ်။ သီးနှံအစုံ စိုက်ဖြစ်ပါတယ်"လို့ တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီစိုက်ခင်း ၅ ဧက အကျယ်မှာ မိုးရေကိုအားထားပြီး ဗုံလုံသီး၊ ကန်ဇွန်း၊ တိုင်ထောင်ပဲ၊ မြေပဲ၊ ပြောင်းဖူး၊ရုံးပတီ၊ မုန်လာဥ၊ ချဥ်ပေါင်၊ ငရုတ်၊ ခရမ်းသီး အစရှိတဲ့ ရာသီပေါ်သီးနှံတွေကို စိုက်ပျိုးနေတယ်လို့ သိရပါတယ်။

အဲ့ဒီစိုက်ခင်းမြေနေရာ ရှင်းလင်းရာမှာ ရဲဘော်တွေက ကူညီလုပ်ကိုင်ခဲ့ကြပြီး စစ်ရေးတာဝန်တွေထမ်းဆောင်ချိန်မှာ စိုက်ခင်းတာဝန်တွေကို အမျိုးသမီးရဲဘော်တွေက လုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။

" အသီးအနှံစျေးတွေကကြီးတော့ နေ့တိုင်းစားဖို့အတွက် တိုင်ပင်ပြီး စိုက်ဖြစ်တာပါ။ မျိုးစေ့စိုက်တာပျိုးတာ ပေါင်းနှုတ်တာ ရေလောင်းတာတွေ ကျမတို့တွေပဲ နေ့တိုင်း လုပ်ကြပါတယ်" လို့ အမျိုးသမီးရဲဘော် ရှယ်ကော် ကပြောပါတယ်။

တပ်ဖွဲ့ဝင်တွေ စားသုံးဖို့ ဟင်းသီးဟင်းရွက်တနပ်စာကို ၆၀၀၀၀ ကျပ်ခန့် ကုန်ကျပြီး ရေရှည်စားသုံးနိုင်ဖို့အတွက် အမျိုးသမီးရဲဘော်တွေစုပေါင်း စိုက်ပျိုးနေကြတယ်လို့ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ပဲခူး #သာယာဝတီ #အုတ်ဖို #PDF တပ်ဖွဲ့ # ရိက္ခာ #သီးနှံစိုက်ခင်း #အမျိုးသမီးရဲဘော် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10