ပဲခူးရိုးမမှာ ရိက္ခာဖြတ်ထားခံရတဲ့ ပြည်သူတွေကို PDF တွေက ဆန်ထောက်ပံ့

ပဲခူးရိုးမမှာ ရိက္ခာဖြတ်ထားခံရတဲ့ ပြည်သူတွေကို PDF တွေက ဆန်ထောက်ပံ့

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်အတွင်းမှာ စစ်ကောင်စီက ရိက္ခာတွေဖြတ်ထားတာကြောင့် စားစရာပြတ်လပ်နေတဲ့ စစ်ရှောင်ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စားစရာဆန်တချို့ ဇူလိုင် ၁၈ ရက်မှာ ထောက်ပံ့ပေးခဲ့တယ်လို့ သာယာဝတီခရိုင်အတွင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ မေလကတည်းက လူတဦးကို ဆန်သယ်ယူခွင့် တနေ့လျှင် နို့ဆီဗူး ၃ ဗူးနှုန်းသာရောင်းဝယ်ဖို့ ကန့်သတ်ထားသလို ရိက္ခာနဲ့ ပစ္စည်းသယ်ယူတာတွေကိုလည်း တင်းတင်းကျပ်ကျပ်စစ်ဆေးနေတာတွေကြောင့် စစ်ဘေးရှောင်ပြည်သူဟာ စားစရာပြတ်နေတာတွေဖြစ်နေလို့ အခုလို ထောက်ပံ့ပေးခဲ့တာဖြစ်တယ်လို့ သာယာဝတီခရိုင်အတွင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရုံးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

"စစ်ရှောင်ပြည်သူတွေမှာ စားဖို့ကို မရှိလို့ ကူညီပေးရတာပါ။ ဆန်အိတ်တွေများတော့ စစ်တပ်ကို ရှောင်သယ်ရတယ်။ စကစဘက်က ဖြတ်လေးဖြတ်လုပ်တဲ့သဘောပါ။ ဆန်အိတ်တွေကို ရဲဘော်တွေကိုယ်တိုင်ထမ်းပိုးပြီး ပို့ပေးခဲ့ပါတယ်" လို့ သူက ပြောပါတယ်။

စစ်ရှောင်ပြည်သူတဦးကို ဆန် ၂ ပြည်နှုန်းနဲ့ ဆန် ၃၇ တင်းခွဲကို မိသားစုအလိုက် ဝေမျှကူညီပေးခဲ့ပြီး ဆန်တွေကိုတော့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ PDF အဖွဲ့နဲ့ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ကူညီထောက်ပံ့ခဲ့တာလို့ သိရပါတယ်။ 

"မိုးကာလဆိုတော့ သွားလာရတာလည်း မလွယ်ပါဘူး။ ကျနော်တို့မှာ စားဝတ်နေရေးအတော်ကို ခက်ခဲလို့ပါ။ တုပ်ကွေးဖြစ်တာမျိုး မရှိသေးပါဘူး။ ကျန်းမာရေးအတွက်လည်း ဆေးဝါးအကူအညီ လိုအပ်နေပါတယ်" လို့ စစ်ရှောင်ပြည်သူတဦးကပြောပါတယ်။

အခု စစ်ရှောင်ပြည်သူ ၉၀၀ ခန့်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းရေးတွေလုပ်ခဲ့တာကြောင့် ၂၀၂၂ ဖေဖော်ဝါရီလလယ်ပိုင်းကတည်းက စစ်ရှောင်နေရတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ဇူလိုင် ၅ ရက်မှာလည်း အရပ်ဘက်လူမှုအဖွဲ့တဖွဲ့က စစ်ရှောင်ပြည်သူတွေကို ၂၅ သိန်း ကျပ်ထောက်ပံပေးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်းအနောက်ခြမ်း #သာယာဝတီခရိုင် #ပဲခူးရိုးမ #စစ်ကောင်စီ #ရိက္ခာဖြတ် #ပြည်သူ #PDF #ဆန်ထောက်ပံ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10