ပဲခူးရိုးမအခြေမှာ စစ်ကောင်စီစစ်ကြောင်း ခြုံခိုတိုက်ခိုက်ခံရလို့ အထိနာ

ပဲခူးရိုးမအခြေမှာ စစ်ကောင်စီစစ်ကြောင်း ခြုံခိုတိုက်ခိုက်ခံရလို့ အထိနာ

ပဲခူးတိုင်း(အနောက်ခြမ်း)၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအခြေမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြောက်ကျားစနစ်နဲ့တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူတွေရှိကာ ၄၀ မမ ကျည်အပါ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုအဖွဲ့ဆီက သိရပါတယ်။

မေလ ၂ ရက်ညနေ ၄ နာရီလောက်မှာ အင်အား ၈၀ ပါစစ်ကြောင်းကို ၂ ကြောင်းခွဲကာ ပဲခူးရိုးမအခြေမှာရှိတဲ့ ချောင်းစောက်ရွာဟောင်းနဲ့ ကိုင်းချိုကြီးရွာဘက်ကနေ ထွက်လာတာကို ပဒေသာမိုင်းတွေ၊ ၄၀ မမ တွေ၊ လက်နက်ငယ်တွေနဲ့ပါ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


“စစ်ကြောင်းက ချောင်းစောက်နဲ့ကိုင်းချိုကြီးကနေ ပ စောက်ပုံနဲ့ တက်လာတာကို ကိုင်းချိုကြီးစစ်ကြောင်းကို တာဝါတိုင်ရွာနားမှာ ကျနော်တို့ထောင်ထားတဲ့ ပဒေသာမိုင်း ၇ လုံးကွဲပြီးချိန်မှာ ၄၀ မမ ၅ လုံးနဲ့ထပ်ပစ်တာမှာ ၁ လုံးက သူတို့အလယ်ကိုကျပြီး စစ်သား ၃ ယောက်သေပြီး ဒဏ်ရာရကုန်တာ" လို့ မြေအောက်ပြောက်ကြားတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

တိုက်ပွဲဖြစ်စဉ်မှာ သေဆုံးဒဏ်ရာရ စစ်ကောင်စီတပ်သားတွေကို မြေလတ်အသံသတင်းဌာနအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် ချောင်းစောက်ရွာဟောင်းကထွက်လာတဲ့ စစ်ကြောင်းကိုလည်း တာဝါတိုင်အတက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေစဉ် ဝိုင်းရဲစခန်းကခြေလျင် စစ်ကူ ၁၅ ဦးရောက်လာပြီးနောက် စခန်းချထားတဲ့ ကြို့ပင်ကောက်မြို့နယ်၊ ဝိုင်းရွာဘက်ကို တပ်ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းကနေ ၄၀ မမ ကျည် ၆ လုံး၊ ကျည်ခွံ ၁၂ လုံး၊ မြန်မာငွေ သုံးသောင်းနှစ်ထောင်ကျော် ချဲဘောက်ချာ ၁ ရွက်နဲ့ စစ်ဦးထုပ် ၁ လုံး သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အုတ်ဖိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေ မကြာခဏထိတွေမှုဖြစ်ပွားပြီး မတ်လ ၂၈ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ မုန်းဆည်ကို စစ်ကြောင်းဆုတ်လာတဲ့စစ်သား ၃၅ ဦးလောက်ကို ပဒေသာမိုင်းဆွဲခဲ့လို့ စစ်သား ၁ ဦးသေဆုံးခဲ့ပါသေးတယ်။

စာတည်း-007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10