ပဲခူးရိုးမအတွင်း ကင်းထောက်ဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခံရလို့ သေဆုံးမှုတွေရှိ

ပဲခူးရိုးမအတွင်း ကင်းထောက်ဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခံရလို့ သေဆုံးမှုတွေရှိ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ကြို့ပင်ဆိပ်ကျေးရွာကနေ ပဲခူးရိုးမအတွင်း ကင်းထောက်ဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးမှုတွေ ရှိခဲ့တယ်လို့ Bago Region PDF အဖွဲ့ဆီက သိရပါတယ်။

သြဂုတ် ၂၃ ရက် ညနေ ၃ နာရီလောက်မှာ ဆိုင်ကယ် ၃ စီးနဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၅ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ငူခရိုင်တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ ၁ မှ ရဲဘော် (၃) ဦး ဦးဆောင်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၄ ဦးဟာ ပွဲချင်းပြီးသေဆုံးသွားပြီး ကျန် ၁ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားသလို သူတို့စီးနင်းလာတဲ့ ဆိုင်ကယ် ၃ စီးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“သေဆုံးသွားတာကတော့ မျက်မြင်ကိုယ်တွေ့ပါ။ ကျနော်တို့ဘက်က ပြောက်ကျားသွားပစ်တယ်။ ပြီးတော့ပြန်ဆုတ်လာတယ်။ ကျနော်တို့ပြန်ဆုတ်လာတဲ့အချိန်မှ စစ်ကူတွေကရောက်လာတော့ ပစ်ခတ်မှုကမဖြစ်လိုက်ပါဘူး။ ပဲခူးရိုးမကိုသူတို့က စစ်ကြောင်းတွေဖြန့်ထားတာ" လို့ ပဲခူးတိုင်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဝေယံ က ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်နေစဉ် နာရီဝက်လောက်အကြာမှာ စစ်ကောင်စီဘက်က စစ်ကူတွေ ရောက်လာတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဟာ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားရာနေရာမှာ စစ်ကောင်စီအထိုင်စခန်းနဲ့ စစ်ကားတွေ ဝင်ထွက်သွားလာရာ နေရာဖြစ်တဲ့အတွက် လက်နက်တွေကို မသိမ်းဆည်းနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

Bago Region PDF တပ်ဖွဲ့ဟာ သြဂုတ် ၂၂ ရက်ကလည်း နတ်တလင်းမြို့နယ်၊ တောင်ညိုရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ ကျောက်ကုန်းကျေးရွာကနေ ကင်းလှည့်ပြီး ဆိုင်ကယ် ၃ စီးနဲ့ ပြန်လာချိန် ကံစုသင်္ချိုင်းကုန်းအနီးအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ရဲဘော် ၂ ဦးသေဆုံးသွားသလို ဆိုင်ကယ် ၂ စီးလည်း ပျက်ဆီးသွားတယ်လို့ သိရပါတယ်။

 စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပဲခူးရိုးမ #တောင်ငူခရိုင် #BagoRegionPDF #ကင်းထောက် #စစ်ကောင်စီ #မီးရှို့ဖျက်ဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10