ပဲခူးရိုးမအနောက်ခြမ်းကို စစ်တပ်က ပစ္စည်းသယ်ယူခွင့် ကန့်သတ်၊ ဒေသခံပြည်သူတွေ ဒုက္ခရောက်

ပဲခူးရိုးမအနောက်ခြမ်းကို စစ်တပ်က ပစ္စည်းသယ်ယူခွင့် ကန့်သတ်၊ ဒေသခံပြည်သူတွေ ဒုက္ခရောက်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပဲခူးရိုးမအစပ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က စားသောက်ကုန်ပစ္စည်းတွေ သယ်ယူခွင့် ကန့်သတ်နေတဲ့အတွက် ဒေသခံတွေ စားသောက်ရေးအခက်ကြုံနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
 
ပဲခူးရိုးမနဲ့ နယ်မြေထိစပ်နေတဲ့ ပေါက်ခေါင်းနဲ့ပေါင်းတည်မြို့နယ်တွေမှာ အခုလဆန်းပိုင်းမှစတင်ကာ ပိုမိုကန့်သတ်နေတာလို့ ဆိုပါတယ်။
 
"ပေါက်ခေါင်းကနေ ရိုးမပတ်လမ်းကိုထွက်မယ့်ကားတွေကို အုတ်ပုံဂိတ်ကနေ စစ်ဆေးတယ်။ ကားတစီးကို ဆန် ၃ အိတ်ပဲ တင်ဆောင်ခွင့်ပြုပြီး ၃ အိတ်ထက်ကျော်လို့ မရဘူး" လို့ ပေါက်ခေါင်းဒေသခံတဦးက ပြောပါတယ်။

အလားတူ ပေါင်းတည်မြို့နယ်အတွင်းက ရေလမ်းနဲ့သယ်ယူတဲ့ဒေသခံတွေကို ဝဲကြီးဆည်စက်လှေဆိပ်မှာ စစ်ဆေးနေပြီး ကုန်းလမ်းက သယ်ဆောင်သူတွေကိုတော့ မှတ်တိုင်ရွာစစ်ကောင်စီဂိတ်နဲ့ ရိုးမပတ်လမ်းရှိ ကျောက်ကြီးတောင် စစ်ကောင်စီဂိတ်တွေကနေ ကုန်ပစ္စည်းတွေကို စစ်ဆေးနေတာဖြစ်လို့ ဆိုပါတယ်။
 
"ကားတစီး ဆန်တအိတ်နဲ့ ဆီတပုံးပဲသယ်ရတယ်။ အခြားကုန်တွေကိုလည်း ဆိုင်ကယ်နဲ့သယ်ခွင့်မရှိဘူး။ အခုဆို ရွာထဲမှာဆန်ကြမ်း ၁ ပြည် ၂၈၀၀။ ကုန်ပစ္စည်းကလည်းရှားလာတော့ အခုဆို ဆန်(ဆန်ကြမ်း) ၁ ပြည်ကို ၃,၅၀၀ ဖြစ်သွားတယ်" လို့ ပေါင်းတည်မြို့နယ်က ဒေသခံတဦးက ပြောပါတယ်။
 
ကျေးရွာတချို့က ကုန်စုံဆိုင်တွေ ပိတ်သိမ်းပြောင်းရွှေ့တာတွေရှိသလို ငွေကြေးပြည့်စုံသူတွေအနေနဲ့လည်း နေရပ်စွန့်ခွာနေတဲ့အတွက် သူတို့ကိုမှီခိုနေရတဲ့ လက်လုပ်လက်စားတွေလည်း စားသောက်ရေး အခက်အခဲကြုံနေသလို လက်ရှိမှာ မျှဝေစားသောက်နေပေမယ့် ရေရှည်တောင့်မခံနိုင်တာမို့ မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။
 
အခုလို စားသောက်ကုန်သယ်ယူခွင့်ကန့်သတ်တာကို စစ်ကောင်စီက တရားဝင် စာထုတ်ပြန်တာမျိုးမရှိပေမယ့် စစ်ကောင်စီဂိတ်တွေကနေ စစ်ဆေးနေတာလို့ ဆိုပါတယ်။
 
ပေါင်းတည်မြို့နယ်၊ ဝဲကြီးဆည်ဝန်းကျင်က ကျောက်တံခါးအုပ်စု၊ သိမ်ကုန်းအုပ်စု၊ ကိုင်းကွင်းအုပ်စု၊ သစ်ပုတ်အုပ်စု၊ ညောင်နီပင်အုပ်စုတွေကို အဓိကထားကာ သယ်ယူခွင့်ကန့်သတ်ထားတာလို့သိရပြီး အဲဒီကျေးရွာအုပ်စုတွေဟာ ပေါင်းတည်မြို့နဲ့အလှမ်းဝေးတဲ့အတွက် လူမူရေး၊ စီးပွားရေးပိုင်းတွေမှာ ပေါက်ခေါင်းမြို့နဲ့လည်း ရောင်းဝယ်ဆက်သွယ်မှု ပြုလုပ်ကြတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ယခင်ရောင်းချနေတဲ့ကုန်စုံဆိုင်တချို့လည်း ပိတ်သိမ်းကာ ပြောင်းရွှေ့နေထိုင်ကြလို့ ဆန်ဆီနဲ့ ဓါတ်ဆီတွေပါ ပြတ်တောက်လုနီးပါး ဖြစ်နေတယ်လို့ ဆိုပါတယ်။
 
ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထောက်လှမ်းရေးနဲ့ပြန်ကြားရေးတာဝန်ခံပြောတာကတော့ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ရိက္ခာဖြတ်လိုတဲ့အတွက် အခုလို ဖြတ်လေးဖြတ်စနစ်ကို ကျင့်သုံးနေတာလို့ဆိုပါတယ်။
 
အလားတူ စားသောက်ကုန်သယ်ယူခွင့်ကို ပေါင်းတည်မြို့နဲ့ နယ်မြေချင်းထိစပ်နေတဲ့ နတ်တလင်းမြို့မှာလည်း အခုနှစ်ဆန်းလောက်ကစတင်ကာ စစ်ကောင်စီတပ်က အိမ်ထောင်စုလူဦးရေအလိုက် လူတဦးလျှင် တနေ့စာ ဆန်နို့ဆီဗူး ၃ ဗူးနဲ့ တပတ်စာသာ ဝယ်ယူခိုင်းတာမျိုးတွေအထိ လုပ်ဆောင်နေတယ်လို့လည်း နတ်တလင်း တောင်ညိုဒေသခံတဦးက မြေလတ်အသံကိုပြောဆိုခဲ့ပါသေးတယ်။
 
ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမအစပ်က သစ်ပုတ်ရွာနဲ့ သိမ်ကုန်းရွာမိုင်တဲတာဝါတိုင်တွေမှာ စစ်ကောင်စီတပ်က တာဝါတိုင်တတိုင်ကို စစ်သားအင်အား ၂၀ ဦးလောက်စီ ချထားတဲ့အပြင် လှုပ်ရှားစစ်ကြောင်းမှာလည်း စစ်သား အင်အား ၄၀ လောက်ပဲရှိနေတယ်လို့ သိရပါတယ်။
 
ပေါင်းတည်မြို့နယ်ဟာ ပေါက်ခေါင်းမြို့နယ်နဲ့ နတ်တလင်းမြို့နယ်တွေနဲ့ နယ်မြေချင်းထိစပ်နေတဲ့ မြို့နယ်တခုဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ နေ့စဥ်ဆိုသလို ထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်တခုလည်း ဖြစ်ပါတယ်။
 
ပုံစာ - ပေါင်းတည်မြို့မှ စစ်ကောင်စီစစ်ဆေးရေးဂိတ်တခု။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10