ပဲခူးရိုးအစပ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံPDF ထိတွေ့တိုက်ပွဲဖြစ်လို့ ၂ ဘက်ထိခိုက်သေဆုံးမှုရှိ

ပဲခူးရိုးအစပ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံPDF ထိတွေ့တိုက်ပွဲဖြစ်လို့ ၂ ဘက်ထိခိုက်သေဆုံးမှုရှိ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံPDF တွေအကြား ထိတွေ့တိုက်ခိုက်မှုဖြစ်လို့ နှစ်ဘက်ထိခိုက်သေဆုံးသူတွေရှိတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က သတင်းထုတ်ပြန်ထားပါတယ်။

မင်းလှမြို့နယ်၊ ပဲခူးရိုးမအစပ်ဘီးချောင်းကုန်းမှာ အင်အား ၁၀၀ လောက်ရှိတဲ့စစ်ကြောင်းနဲ့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅တို့အကြား စက်တင်ဘာ ၂၃ရက် မနက် ၈ နာရီလောက်က မိနစ် ၂၀ ကြာတိုက်ခိုက်မှုမှာ သေဆုံးခဲ့တာလို့ဆိုပါတယ်။ 

“ကျနော်တို့ရဲဘော်တဦးက တိုက်ပွဲအရှိန်ကမြင့်လာတော့ သူက အားမလိုအားမရဖြစ်ပြီး လက်နက်ငယ်နဲ့ ထပစ်ရင်းကျည်ထိပြီးကျသွားတာ။  စကစဘက်ကလည်း အကျအဆုံးများလို့ အသေကောင်တွေနဲ့ ဒဏ်ရာရတဲ့ကောင်တွေကို လိုက်ထရပ်ကားနဲ့ တောင်အောက်ကိုသယ်သွားတယ်“လို့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ ရဲ့တပ်ခွဲမှူးက မြေလတ်အသံကို ပြောပါတယ်။ 

ထိတွေ့ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ၈၀ မမ၊ ၄၀ မမ၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်သလို PDF တွေ ဘက်ကလည်း ၄၀ မမ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

သေဆုံးသွားသူဟာ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က လက်ဖြောင့်ရဲဘော် ကိုဘဂျမ်း ဖြစ်ပြီး သူမသေဆုံးခင် စစ်ကောင်စီတပ်သားတွေကို လက်ဦးမှုရယူပစ်ခတ်ခဲ့လို့ ၅ ဦးသေဆုံးမှုအပါအဝင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးကာ ၂၀ ဦးကျော် ဒဏ်ရာရရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေနဲ့ပတ်သက်လို့ မြေလတ်အသံကသီးခြား အတည်ပြုနိုင်ဖို့ စုံစမ်းနေပါတယ်။ 

မင်းလှမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ PDFတပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅တို့အကြား မကြာခဏထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး  စက်တင်ဘာ ၁၆ ရက်မှာ ခါချဉ်တောင်အလယ်ကြောနဲ့ စက်တင်ဘာ ၉ ရက်က ပတ်ကွေ့ကြီးတောင်ကြော အဆင်းတို့မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြပါသေးတယ်။

အဲ့ဒီလို တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေလို့ သာယာဝတီခရိုင်အတွင်း မြို့နယ်တွေက ဒေသခံပြည်သူတွေအနေနဲ့ ပဲခူးရိုးမကို ဖြတ်သန်းသွားလာတာမလုပ်ကြဖို့ သာယာဝတီခရိုင် PDF က စက်တင်ဘာ ၂၅ ရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားပါတယ်။

ပုံစာ - တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ကို ရှေ့တန်းတနေရာမှာ တွေ့ရစဉ် (ပုံဟောင်း)။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #မင်းလှ #ပဲခူးရိုး #ထိတွေ့တိုက်ပွဲ #နှစ်ဖက်ထိခိုက် #စစ်ကောင်စီတပ် #PDF #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10