ပဲခူးအနောက်ခြမ်းမြို့နယ် ၂ ခုမှာ ဝါယာရှော့နဲ့ ကောက်ရိုးမီးဖိုတို့ကြောင့် မီးလောင်ပြီး နေအိမ် ၄ လုံး ဆုံးရှုံး

ပဲခူးအနောက်ခြမ်းမြို့နယ် ၂ ခုမှာ ဝါယာရှော့နဲ့ ကောက်ရိုးမီးဖိုတို့ကြောင့် မီးလောင်ပြီး နေအိမ် ၄ လုံး ဆုံးရှုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်နဲ့ ကြို့ပင်ကောက်မြို့နယ်တွေမှာ အောက်တိုဘာ ၂၂ ရက် မနေ့ တရက်တည်းမှာပဲ မီးလောင်မှုတွေဖြစ်ပွားလို့ နေအိမ် ၄ လုံး ဆုံးရှုံးခဲ့တယ်လို ဒေသခံတွေထံက ပြောပါတယ်။

ပေါင်းတည်မြို့ပေါ် မင်းကွက် ၃ ရပ်ကွက်၊ ပုတီးကုန်းလမ်းမှာ မနေ့မနက် ၈ နာရီခွဲလောက်က လျှပ်စစ်ထမင်းပေါင်းအိုးနဲ့ ထမင်းချက်စဉ် ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားတာကြောင့် နေအိမ် ၃ လုံး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

“ထမင်းချက်ရင်း မီးလောင်ပြီး ဘေးနားကအိမ်တွေကို ကူးသွားတာ။ မီးသတ်ရုံနဲ့နီးတော့ ခဏနဲ့ မီးကို နိုင်သွားတာ “လို့ ပေါင်းတည်မြို့ခံအုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

အလားတူ ကြို့ပင်ကောက်မြို့နယ်၊ သဲတွင်းကျေးရွာမှာလည်း မနေ့ ည ၁၁ နာရီလောက်က ကောက်ရိုးမီးဖိုကနေ မီးစတင်လောင်ကျွမ်းတာကြောင့် နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

“နွားတွေခြင်မကိုက်စေဖို့ ကောက်ရိုးအဆွေးနဲ့ မီးဖိုထားတာကနေ မီးလောင်တာ။ နွားခြံရော၊ အိမ်ရော လောင်သွားတာ “ လို့ ကြို့ပင်ကောက်မြို့နယ်က ပရဟိတအဖွဲ့ဝင်တဦးက ပြောပါတယ်။

အဲဒီမီးလောင်မှုတွေကို သက်ဆိုင်ရာ မြို့နယ်မီးသတ်ဌာနနဲ့ အရန်မီးသတ်တွေက လာရောက်ငြိမ်းသတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့မေလ ၂၃ ရက်မနက်အစောပိုင်းကလည်း ပေါင်းတည်မြို့၊ နွယ်ချို ၁ ရပ်ကွက် အရှေ့လမ်းမှာလည်း မတော်တဆမီးလောင်မှုဖြစ်ပွားလို့ လူနေအိမ် ၅ လုံး ဆုံးရှုံးပျက်စီးခဲ့ရပါသေးတယ်။

ပုံစာ - အောက်တိုဘာလ ၂၂ ရက်မနက်ပိုင်းက ပေါင်းတည်မြို့ နေအိမ်မီးလောင်မှုမြင်ကွင်း။

စာတည်း - ရင်ငြိမ်း။

#မြေလတ်အသံ

#ပဲခူးအနောက်ခြမ်း #ပေါင်းတည် #ကြို့ပင်ကောက် #ပေါ့ဆမီး #လောင်ကျွမ်းမှု #နေအိမ်ဆုံးရှုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10